XPeng ဆိုတာကတော့ တရုတ်နိုင်ငံ ဂေါင်ဇူးမြို့မှာ အခြေစိုက်တဲ့ လျှပ်စစ် ကားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်ပြီး လွန်ခဲ့တဲ့ ၈ နှစ် ကတည်း စတင်ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်ကားဈေးကွက် ထဲက ကုမ္ပဏီတွေထဲ အလျှင်မြန်ဆုံး တိုးတက်လာတဲ့ လုပ်ငန်းတစ်ရပ်အဖြစ် ရှိနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကား အမျိုးအစားက အနည်းငယ်ပဲ ရှိသေးပြီး လျှပ်စစ်ကားကတော့ ၄ မျိုး ပါဝင်ပါတယ်။ အဆိုပါ ကားတွေထဲကမှ Range အမြင့်ဆုံး အမျိုးအစားကတော့ အကောင်းဆုံးလို့ ဆိုလို့ရမယ့် လျှပ်စစ်ဇိမ်ခံ SUV တစ်စီးပါပဲ။ XPeng G9 လို့ အမည် ရတဲ့ အဆိုပါ ကားရဲ့ တရားဝင်ပုံရိပ်တွေကို Wheelboy ဆိုတဲ့ YouTube Channel တစ်ခုကနေ စတင်မြင်တွေ့လာ ရပြီဖြစ်ပါတယ်။

Photo Credit: motor 1.com

၁၀ မိနစ် စာလောက် ရှိတဲ့ အဆိုပါကားအကြောင်း Video လေးထဲမှာတော့ G9 ကို မောင်းပြထားတာတွေ့ရမှာပါ။ ကားကိုတော့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် SiC Dedicated EV  Platform ပေါ်မှာ ဖန်တီးတည်ဆောက်ထား ပြီး 800-V Architecture လည်း ဖြစ်ပြန်တာကြောင့် အားပြန်သွင်းရတာလည်း မြန်ဆန်နေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ကိုယ်ပိုင် X-Power Supercharger တွေကိုလည်း ထုတ်လုပ်တပ်ဆင်ဦးမှာဖြစ်ပြီး အဆိုပါ Charger တွေနဲ့ ဆိုရင်တော့ G9 ကားကို ၅ မိနစ် အားသွင်းရုံနဲ့တင် ၁၂၄ မိုင် လောက်အထိ မောင်းနှင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ဖို့ ရှိပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း အချက်အလက်တွေ အရတော့ ကားဟာ နာမည်ကျော် Porsche Cayenne SUV ကားကို တောင် ထိပ်တိုက်ယှဉ်နိုင်ဖို့ ရှိတယ်လို့လည်း ကုမ္ပဏီ ဘက်ကဆိုထားပါတယ်။

Photo Credit: motor 1.com

လက်ရှိမှာတော့ အဆိုပါ ကားကို တရုတ်ဈေးကွက်ထဲမှာ ရွေးချယ်စရာ မော်တာ ၂ မျိုးနဲ့ ရရှိနိုင်နေပါပြီ။ Base Model မှာတော့ 310 hp အထိ စွမ်းဆောင်နိုင်မယ့် လျှပ်စစ်မော်တာ တစ်လုံးပဲ ပါဝင်ပြီး ပိုဈေးကြီးမယ့် လျှပ်စစ်မော်တာ ၂ လုံးတပ် အမျိုးအစားဆိုရင်တော့ 543 hp အထိ စွမ်းဆောင်နိုင်မှာပါ။ ဒါပေမယ့် ကား ၂ မျိုးလုံးကတော့ 98 kWh Battery ကို အတူတူပဲ တပ်ဆင်ပေးထားပြီး တရုတ်ရဲ့ CLTC စနစ်အရ တိုင်းတာ မယ် ဆိုရင်တော့ တစ်ခါ အားသွင်းထားရုံ နဲ့ ၄၀၄ မိုင် လောက်အထိ မောင်းနှင်နိုင်ဖို့ ရှိပါတယ်။ ဈေးနှုန်းတွေကတော့ လက်ရှိ ငွေဈေးအရဆိုရင် အမေရိကန် ဒေါ်လာ ၅၉,၀၀၀ လောက်အထိ ရှိနိုင်ပါတယ်။

Ref: motor 1.com