General Motors ရဲ့ ဒီဇိုင်းဌာန တရားဝင် Instagram Account ကနေ စိတ်ဝင်စားစရာ ကောင်းပြီး အတည်ပြုလို့ မရနိုင်သေးတဲ့ ကားဒီဇိုင်း ပုံကြမ်းတစ်ချို့ ကို ချပြလာခဲ့ပါတယ်။ လုံးဝကို ပုံကြမ်းဆိုတဲ့အတိုင်း အကြမ်းထည်ပုံတွေပဲဖြစ်ပြီး ပုံအရတော့ Pickup Truck ပုံစံဖြစ်ကာ GMC ကားပုံစံတွေလိုမျိုးလို့ တောင် ဆိုလို့ရနိုင်မယ့် သဘောဖြစ်ပါတယ်။ General Motors ရဲ့ အဓိက ဒီဇိုင်နာတစ်ဦးဖြစ်သူ Bean Zavala ကတော့ ကုမ္ပဏီနဲ့ ၂၀၁၃ ကတည်းက လက်တွဲ လာခဲ့တာဖြစ်ပြီး အခုလို ပုံကြမ်းတွေကို အမြဲချပြဖန်တီး ပေးနေခဲ့တာပါ။ သူ့ရဲ့ အခုတစ်ခေါက် လက်ရာကလည်း အတော်သေသပ်ပြီး စိတ်ဝင်စားဖို့ ကောင်း နေကာ H ပုံစံ ရှေ့မီးကြီးတွေနဲ့ လမ်းကြမ်းပိုင်းအတွက် ဘန်ဘာပေါ်က Accessories တွေကလည်း အချိုးကို ကျနေတာပါ။ ဒါတင်မက သေးပဲ Pickup Truck ပုံကြမ်းမှာ Aerodynamic ပိုကောင်းစေမယ့် အမိုးလိုင်းတွေ ၊ LED နောက်မီးတွေနဲ့ အရွယ်လွန် အလွိုင်းဘီးကြီးတွေကိုလည်း မြင်ရဦးမှာ ဖြစ်ပါတယ်။ အခု ပုံကြမ်းတွေအရ ကြည့်မယ်ဆိုရင် တော့ GMC ရဲ့ Canyon တို့လို Pickup Truck တစ်မျိုး ဖြစ်လာနိုင်ပြီး တစ်ချို့ကလည်း Canyon ရဲ့ နောက်ပိုင်း မျိုးဆက်သစ် လျှပ်စစ်မော်ဒယ် ဖြစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Photo Credit: AllAutoExperts

အခုအချိန်မှာ လျှပ်စစ် Pickup Truck ကားတွေ ပိုပြီး နာမည်ရလာတဲ့အပြင် အခုပုံကြမ်းအရ Grille နဲ့ အရှေ့ဘက် Air-Intake မပါဝင်တဲ့အတွက် လျှပ်စစ် ကားသစ် ဖြစ်လာမယ်လို့ ယူဆလာကြတာပါ။ အခုလို ပုံကြမ်းလေး တစ်ပုံကနေပဲ GM ရဲ့ အနာဂတ် Pickup Truck ကားတွေအကြောင်း တစ်စေ့တစ်စောင်း ခန့်မှန်းလို့ ရလာပေမယ့်လည်း နောက်ထပ် တိကျတဲ့ သတင်းတွေအတွက်ကိုတော့ ဆက်ပြီး နားစွင့်နေရဦး မှာ ဖြစ်ပါတယ်။

Ref: AllAutoExperts