ခေတ်သစ် တစ်ခုရဲ့ လျှပ်စစ်ကား အသုံးပြုသူတွေ အတွက် ပိုမိုလွယ်ကူစေဖို့ Hyundai ကနေ အားသွင်း အကူ အညီပေး စက်ရုပ်လေး တစ်ခု တီထွင်လာခဲ့ ပါတယ်။ အဓိကကတော့ အားသွင်းရာမှာ ကြိုးတွေ ၊ Connectors တွေကို လူကိုယ်တိုင် ချိတ်ဆက်စရာ မလိုပဲ အလိုအလျောက် အားသွင်းပေးဖို့ အတွက် ရည်ရွယ် ဖန်တီးထားတာပါ။ မနှစ် ကတည်းက အခုလို စက်ရုပ်လေးကို ဖန်တီးပေးထားတာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ Ioniq 6 Sedan ကားလေးနဲ့အတူ စက်ရုပ်နမူနာ ပုံစံလေး စတင် ပြသလာတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ပြသထားတဲ့ Video လေးထဲမှာတော့ Remote Smart Parking Assist စနစ်ကိုသုံးပြီး ကားပါကင် ထိုးနေတဲ့ Ioniq 6 လေးကို အရင်မြင်ရတာဖြစ်ကာ အခု စနစ်သစ်မှာတော့ ကားအားသွင်းပေါက်လေးက  အလိုအလျောက် ပွင့်သွားတာပါ။ စက်ရုပ်လေးက ပွင့်သွားတဲ့ အားသွင်းပေါက်ထဲကို အားသွင်းကြိုး တပ်ပေး ပြီး အားသွင်း စေလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ စနစ်အတွက် 3D ကင်မရာတွေ အခြေပြုထားတဲ့ Algorithm ကို သုံးပြီး အားသွင်းပေါက်နဲ့ ချိတ်ပေးနိုင်ဖို့ Hyundai တို့ တီထွင်ထားတာပါ။ အားသွင်းလို့ပြည့်ပြီ ဆိုတာနဲ့ ကြိုးကို အလိုအလျောက်ဖြုတ်ပြီး အားသွင်းပြီးကြောင်းကို ယာဉ်မောင်းရဲ့ စမတ်ဖုန်းဆီ အကြောင်းကြား ပေးမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လျှပ်စစ်ကား အားသွင်းရုံတွေ ဆိုတာ နေရာစုံမှာ ဖန်တီးရမှာ ဖြစ်တဲ့ အတွက် ရာသီဥတုဒဏ်တွေ ခံနိုင် အောင်လည်း အခု စက်ရုပ်လေးကို ဖန်တီးထားတယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အဓိက အားဖြင့်တော့ အခုလို အားသွင်းစက်ရုပ်လေးကို မောင်းသူမဲ့ ယာဉ်တွေအတွက် ပိုပြီး လိုအပ် လာလိမ့်မယ်လို့ ယူဆရပါတယ်။ လျှပ်စစ်ကားတွေရဲ့ သွားလာရေး စနစ်အတွက်လည်း အထောက်အကူ ပေးနိုင်မှာဖြစ်ကာ အထူးသဖြင့် ဝန်ထမ်းဦးရေ အများအပြားနဲ့ ဝန်ဆောင်မှုမပေးပဲ ကိုယ်တိုင်ပဲ ယူပြီး အားသွင်းရတာမျိုး လုပ်ရတဲ့ အမေရိကလို ကားဈေးကွက် အတွင်းမှာတော့ ပိုပြီး အသုံးတည့်လာ မှာပါ။ အခု စက်ရုပ် လေးကိုတော့ Concept အနေနဲ့ပဲ စတင် ဖန်တီးထားတာဖြစ်လို့ ရောင်းချဖို့ အစီအစဉ်တွေကို Hyundai ဘက်က ပြောကြားထားတာ မရှိသေးပါဘူး။ ဒါပေမယ့် အခု စနစ်အတွက်ကို ၂၀၁၅ လောက် ကတည်းက Tesla ကနေ Robotic Charger ဆိုပြီး စက်ရုပ်ပုံစံ တစ်မျိုး ချပြခဲ့ဖူးသေးကာ အလားတူ ပုံစံ မျိုးကိုပဲ Stellantis ကုမ္ပဏီကနေ Ram 1500 Revolution BEV Concept ကားကြီးနဲ့အတူ ထုတ်ပြခဲ့ ဖူးသေးတာပါ။ Ram က ပြသတဲ့ အထဲမှာတော့ ၂၀၂၄ မှာ ထုတ်လုပ်လာမယ့် 1500 REV လျှပ်စစ်ကား အကြောင်းကိုပဲ အများဆုံး ပြောခဲ့တာကြောင့်  အဆိုပါ အားသွင်း စက်ရုပ်လေး ပါလာမလား ဆိုတာကလည်း မသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority