မကြာသေးမီနှစ်တွေအတွင်းမှာ တရုတ်ဈေးကွက်ထဲ Trend အသစ်တစ်ခုလို ဖြစ်လာတာကတော့ ချစ်စရာ ကုန်တင်လျှပ်စစ်ကားလေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကုမ္ပဏီအများအပြားက Matrix Motors ၊ Derry Auto နဲ့ Jenhoo တို့လိုမော်ဒယ်တွေကို ထုတ်လုပ်ရောင်းချလာခဲ့တာပါ။ အခုအချိန်မှာတော့ eD1 Mini ဆိုတဲ့  နောက်ထပ် ချစ်စရာ ကုန်တင်ယာဉ်လေးတစ်စီးထပ်မံ မြင်တွေ့လာခဲ့ရပြီဖြစ်ပြီး ကုန်ပစ္စည်းတွေ ပို့ဆောင်ချိန်မှာ ကုန်ကျစရိတ်ကို လျော့ချ နိုင်ဖို့ ရည်ရွယ်ဖန်တီးလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

eD1 Mini ကားလေးကိုတော့ Jitai Vehicle Technology လက်အောက်က Eternal Asia Supply Management ကနေ အဆင့်မြှင့်တင် ဖန်တီးခဲ့တာ ဖြစ်ပြီး ရေရှည်ကုန်စည်ပို့ဆောင်မှုမှာ အသုံးဝင်ဖို့ ရည်ရွယ်ဖန်တီးခဲ့တာပါ။ ကုန်ပစ္စည်းပို့ဆောင်တဲ့နေရာမှာ မြင့်မားတဲ့ ကုန်ကျစရိတ်နဲ့ လုံခြုံမှုအားနည်းတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပြင် အရည်အသွေးနိမ့်တဲ့ ပို့ဆောင်ရေးယာဉ်တွေကြောင့်လည်း ပြဿနာတွေ ကြုံတွေ့နေကျရလေ့ရှိပါတယ်။ လက်ရှိ အချိန်မှာတော့ တရုတ်နိုင်ငံအတွင်းက သယ်ယူ ပို့ဆောင်သူတွေက သုံးဘီးယာဉ်တွေကို အသုံးပြု ပို့ဆောင်နေတာများတာကြောင့် အခု eD1 Mini ကားလေး က အဆိုပါ ပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ Contol-By-Wire နည်းပညာနဲ့ ရိုးရှင်းတဲ့ ယာဉ်တည် ဆောက်ပုံကြောင့် New Modular Platform က ကုန်ကျစရိတ်ကို လျော့ချနိုင်မှာဖြစ်ပေမယ့် အဆိုပါ eD1 ကားလေးနဲ့ ပတ်သက်တဲ့ ဈေးနှုန်းကိုတော့ အတိ အကျ ဖော်ပြထားခြင်းမရှိသေးပါဘူး။ eD1 Mini ကားလေးက လုံးဝန်းတဲ့ LED Lights တွေနဲ့ လေးထောင့်ဆန်တဲ့ ချစ်စရာ အသွင်အပြင်ရှိသလို ကုန်ပစ္စည်း တင်ဆောင်နိုင်စွမ်းကလည်း ၂.၆ ကုဗမီတာ အထိရှိတာ ဖြစ်ကာ ခေတ်မှီလုံခြုံရေးစနစ်တွေလည်း ပါဝင်တယ်လို့ Eternal Asia Supply Management က ဆိုထားပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီအပိုင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိသေး ပေမယ့် eD1 Mini ကားလေးက အားတစ်ကြိမ်သွင်းရုံနဲ့ ၁၀၀ ကီလိုမီတာအထိ မောင်းနှင်နိုင်လိမ့်မယ်လို့ သိရပါတယ်။

Photo Credit: CarNewsChina

ကားရဲ့အတွင်းပိုင်းမှာတော့ ထိုင်ခုံတစ်လုံး၊ LED Instrument Panel တစ်ခု ၊ Three-Spoke စတီယာတိုင် အပြင် ယာဉ်မောင်းရဲ့ ညာဖက်မှာ စားပွဲလေး တစ်လုံးလည်း ပါဝင်လာပါတယ်။ ဒါပေမယ့်လည်း ကားအတွင်းမှာ ယာဉ်မောင်းအတွက် Cup Holder တစ်ခုတောင် ပါဝင်လာခြင်းမရှိတာကြောင့် Eternal Asia Supply Management အနေနဲ့ ယာဉ်မောင်းနေစဉ်အတွင်း တစ်စုံတစ်ရာ သောက်သုံးနေခြင်းက ယာဉ်မောင်းရဲ့ အာရုံကို အပြောင်းအလဲ ဖြစ်စေလိမ့် မယ်လို့ ယူဆထားပုံပါပဲ။ အခု eD1 ကားလေးက ထုတ်လုပ်လာမယ့် Version မဟုတ်သေးတာကြောင့် အတွင်းပိုင်းမှာ ပြင်ဆင်စရာတွေ ရှိနေအုံးမှာ အသေ အချာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina