တရုတ် ကားကုမ္ပဏီ XPeng ကတော့ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားပျံကို ဒူဘိုင်းမှာရှိတဲ့ Skydive Dubai မှာ စတင် စမ်းသပ်ပျံသန်း နိုင်ခဲ့ပါပြီ။ XPeng X2 လို့ အမည်ပေးထားတဲ့ အဆိုပါကားကို အများ ပြည်သူထံ စတင်ချပြတဲ့ ပွဲမှာဆိုရင် Dubai Civil Aviation Authority (DCAA) ဆီက ခွင့်ပြုချက်နဲ့အတူ အရဲစွန့်ပြီး ပျံသန်းပြခဲ့တာလည်း ဖြစ်ပါတယ်။ ဧည့်ပရိသတ်ပေါင်း အယောက် ၁၅၀ လောက် တက်ရောက် အားပေးခဲ့ပြီး Dubai World Trade Center ရဲ့ GITEX Global Tech Show ပွဲကြီးရဲ့ ပထမဆုံးနေ့မှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ပထမဆုံး စတင် စမ်းသပ်ပျံသန်းပြတဲ့ပွဲမှာပဲ ကားပျံလေးက DCAA ရဲ့ စံနှုန်းတွေအပြင် အများပြည်သူရဲ့ယုံကြည် အားပေးခြင်းကို ခံရတဲ့အထိ အဆင်ပြေခဲ့ပြီး ပျံသန်းမှုတစ်ခုလုံးကို အမှားအယွင်းမရှိပဲ တည်တည်ငြိမ်ငြိမ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ပျံသန်းပြ သွားတာလည်း အရမ်းကြီး ခက်ခက်ခဲခဲ ရှုပ်တဲ့ပုံ မပေါ်ပဲ ‌ကား‌ကိုမောင်းနေရာ ကနေ ဒေါင်လိုက်ပဲ ထောင်တက်ကာ မြေပြင်အထက်ပေ အတော်များများအထိ ပျံသန်းမောင်းပြသွားတာ ဖြစ်လို့ ဒရုန်းတွေရဲ့ သဘောနဲ့ ခပ်ဆင်ဆင်ပါပဲ။

XPeng ကုမ္ပဏီရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ XPeng Aeroht က အခုယာဉ်ပျံကို ဖန်တီး ပေးထားတာဖြစ်ပြီး လက်ရှိ အာရှ ဒေသမှာတော့ အကြီးဆုံးကားပျံကုမ္ပဏီ အဖြစ်လည်း ဖော်ညွှန်းထားပါသေးတယ်။ အခု မြင်နေရတဲ့ XPeng X2 ကားပျံ လေးကတော့ ၂ ယောက်စီးပဲ ဖြစ်ပြီး အနာဂတ်မှာ မြို့တွင်းသွားနိုင်ဖို့ အထူးသဖြင့် မြင်ကွင်းကြည့် အပျော်စီး ခရီးစဉ်တွေနဲ့ ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးတွေမှာ အသုံးဝင်လာနိုင်ဖို့ အတွက် ရည်ရွယ်ထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ကားပျံလေးရဲ့ ဒီဇိုင်းကလည်း ရေစက်ပုံစံလေးနဲ့ အတော်ရိုးရှင်းပြီး Cockpit ပိုင်းကအစ Aerodynamic ကောင်းတဲ့ ဒီဇိုင်း ၊ စွမ်းဆောင်ရည်ပုံစံတွေနဲ့ ဖန်တီးထား တာဖြစ်ကာ အလေးချိန် ပေါ့ပါးနေစေဖို့ အတွက်လည်း ကာဗွန်ဖိုက်ဘာတွေကို သုံးပေးထားပါတယ်။

Photo Credit: InsideEvs

အခု ကားလေးကို Manual နဲ့ Autonomous အလိုအလျောက် မောင်းနှင်မှုဆိုပြီး ၂ မျိုး ခွဲနိုင်အောင် ဖန်တီး ပေးထား တာ ဖြစ်ပါတယ်။ အလိုအလျောက် မောင်းတဲ့ အပိုင်းမှာဆိုရင် ခရီးသည်တွေအတွက် စိတ်ချရပြီး စွမ်းဆောင်ရည် မြင့်တဲ့ လုပ်ဆောင်ချက်တွေနဲ့ မောင်းနှင်ပေးမှာဖြစ်ကာခရီးစဉ်အစ၊ အပြန်နဲ့ မြေပြင်အဆင်းတွေကို Touch ခလုတ် လေးတွေ နှိပ်လိုက်ရုံနဲ့ အတော်လေး လွယ်လွယ်ကူကူ လုပ်ဆောင် နိုင်ပါလိမ့်မယ်။ XPeng X2 အနေနဲ့ အခု စမ်းသပ်ပြတဲ့ ကားလေးဟာ ၅ ခုမြောက် မျိုးဆက်ယာဉ်ဖြစ်ပြီး လက်ရှိမှာကိုပဲ အခုထက်ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ ၆ ခု မြောက်မျိုးဆက် ကားပျံကို ကုမ္ပဏီဘက်က ဖန်တီးနေပြီ လို့ သိရပါတယ်။ အခု လက်ရှိ ကားပျံမှာ အလိုအလျောက် မောင်းနှင်မှုကို လေထဲမှာပဲ ရနိုင်ပေမယ့် အဆိုပါ မော်ဒယ်အသစ်မှာ ဆိုရင်တော့ ကုန်းပေါ်မှာရော လေထဲမှာပါ နှစ်မျိုးလုံး အလိုအလျောက် မောင်းနှင်မှု စနစ်တွေ ရလာမှာပါ။ အဆိုပါ ၆ ခုမြောက် မျိုးဆက်သစ် ကားပျံရဲ့ အပြင်ဘက် ဒီဇိုင်း ၊ အချက်အလက် သစ်တွေနဲ့ လေပေါ်မှာ မောင်းနှင်နိုင်မယ့် ပုံစံအသစ် တွေ အကြောင်းကိုတော့ လာမယ့် အောက်တိုဘာ ၂၄ ရက် နေ့မှာကျင်းပမယ့် 1024 XPeng Tech Day ပွဲမှာ ချပြမိတ်ဆက်သွားတော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs