တရုတ် ဈေးကွက်ထဲက ရောင်းအားအကောင်းဆုံး လျှပ်စစ် ကားကို ခန့်မှန်းကြည့်ကြတဲ့အခါ Tesla ပဲ ဖြစ် မှာပါလို့ ထင်ရင်တော့ အမှားကြီး မှားပါလိမ့်မယ်။ China Passenger Car Association ဆိုတဲ့ အဖွဲ့ကရတဲ့ စာရင်းဇယားတွေ အရတော့ Wuling Mini ဆိုတဲ့ လျှပ်စစ် ကားသေးလေးက မနှစ်က အစီးရေ ၃၉၅,၄၅၁ စီးအထိ ရောင်းချခဲ့ရပြီး ၂၀၂၀ ကထက် ရောင်းအား ၃ ဆ လောက်အထိ ထိုးတက်လာတဲ့ ကားလေး ဆိုတာ ကို အံ့အားသင့်ဖွယ် မြင်တွေ့ လိုက်ရပါတယ်။ အဆိုပါ ရောင်းအား ပမာဏကတော့ လက်ရှိမှာ နိုင်ငံတွင်း ဈေးအသက်သာဆုံး လျှပ်စစ်ကား တစ်စီးရဲ့ အကောင်းဆုံး ရောင်းအားဖြစ်ပြီး ပြည်တွင်း ဖြစ် BYD Qin ဆိုတဲ့ကားနဲ့ နာမည်ကြီး Tesla Model Y တို့ကို တောင် ဒုတိယနဲ့ တတိယနေရာတို့မှာ ရပ်တည်စေခြင်းဖြင့် နောက်ကောက် ချနိုင်ခဲ့တာပါ။ အခု ဆိုရင်တော့ အဆိုပါ ရောင်းအားကောင်း လျှပ်စစ်ကားသေးလေးက ၂၀၂၂ အတွက် အထူးထုတ် Special Edition လေးကိုပါ ချပြလာခဲ့ပြီ ဖြစ်ပြီး အခုနှစ်ထဲ ပိုရောင်းအား ကောင်းအောင် ကြံစည်လာနေပါပြီ။
Mini GameBoy Edition ဆိုတာကို Version ၄ မျိုးနဲ့ အထူးထုတ် ပေးလိုက်တာဖြစ်ပြီး Hurricane Phantom ၊ Jungle Traveler ၊ Star Rover နဲ့ Party Sweetheart တို့ဆိုပြီး နာမည်အလန်းလေးတွေ ပေးထားပါတယ်။ အဆိုပါ ကား တစ်မျိုးစီမှာတော့ အပြင်ဘက် ကားအရောင်အသစ်တွေကို ကွဲပြားအောင် ထည့်သွင်းပေးထားပြီး ဘီးအရွယ် တွေလည်း မတူညီကြပဲ Trim တွေလည်း သီးသန့်စီ ဖြစ်လာပါတယ်။ သာမန် Mini EV နဲ့ပဲ ယှဉ်ကြည့်မယ် ဆိုရင်တော့ Special Edition တွေမှာက Headlight အသစ်တွေကို LED Daytime Running Lights တွဲဖက် ပေးထားတာ မြင်ရပါလိမ့်မယ်။ ဒါတင်မကသေးပဲ အရှေ့ဘက် က Fascia ကိုလည်း အသေအချာ ပြန်လည် ပြင်ဆင်ထားကာ LED Strip တွေကိုလည်း Light Bars ၂ ခုနဲ့ တွဲဖက်ကာ အတော်လေး လှလှပပပြင်ဆင်ပေးထား ပါသေးတယ်။ စိတ်ဝင် စားစရာ ကောင်းတာကတော့ အခု အထူးထုတ် ကားအသစ်မှာ ယခင် Standard Model ထက် အရွယ်အစားပိုင်းက အစ အနည်းငယ် ပြောင်းလဲ လာတာပါပဲ။ ကားရဲ့ အရှည်က 80 mm လောက် ပိုရှည်လာတာကြောင့် 2,977 mmအထိ ရှိလာ ခဲ့ပြီး အမြင့်ဘက်မှာကတော့ ဆန့်ကျင်ဘက်အနေနဲ့ 17 mm လျော့သွားခဲ့ကာ 1,604 mm ရှိလို့ နေပါတယ်။ Special Edition တွေအတွက် သာမန်နဲ့မတူ ကြီးမားတဲ့ အပြောင်းအလဲကတော့ ပိုကောင်းပိုသစ်တဲ့ လျှပ်စစ်မော်တာ တွေ ရရှိလာတာ ဖြစ်ပြီး ယခင် 27 hp ပဲရှိတဲ့ 20 kW မော်တာအစား အခုတော့ 41 hp အထိ ရှိလာတဲ့ 30 kW မော်တာ နဲ့ ဖြစ်လာခဲ့တာပါပဲ။
တရုတ် မီဒီယာတွေကတော့ အဆိုပါ ကားအသစ် အနေနဲ့ ဘက်ထရီ အပိုင်းမှာ 26.5 kWh အရွယ်ကို စတင် ရရှိ လာမှာ ဖြစ်ပြီး Range အနေနဲ့ကလည်း တစ်ခါအားသွင်းထားရင် ၁၇၄ မိုင် အထိကို မောင်းနှင်နိုင်မှာပါ။ ဒီပမာဏ ကတော့ လက်ရှိမှာ ရွေးချယ်စရာ ဘက်ထရီ ၄ မျိုး ရထားတဲ့ သာမန် Standard Mini EV ထက် အများကြီးသာတာ ဖြစ်ပြီး သာမန်ကားကတော့ Range အနေနဲ့ ဆိုရင် ၇၅ မိုင်ကနေ ၁၀၅ မိုင်လောက်အ ထိ မောင်းနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုကြီးတဲ့ ဘက်ထရီ သုံးပေးလာမယ် ဆိုတာကတော့ ကုမ္ပဏီဘက်က အတည်မပြု ပေးထားသေးတာ ကြောင့် ဆက်လက်စောင့်ကြည့် ရဦးမှာပါ။ Wuling Mini EV ရဲ့ Standard Version မှာတုန်းကတော့ အမြင့်ဆုံး မြန်နှုန်းက တစ်နာရီကို ၆၂ မိုင် အထိ မောင်းနှင် နိုင်ခဲ့ပြီး $ 4,200 သာ ကျသင့်တဲ့ ကားလေးဖြစ်တာကြောင့် လက်ရှိ တရုတ်မှာတော့ ဈေး အသက်သာဆုံး ကားလေးတစ်စီးပါပဲ။ ဒါ့အပြင် လက်ရှိ သာမန်ကားရဲ့ အမြင့်ဆုံး Range ကို ဝယ်ချင်တယ်ဆိုရင်တောင်မှ $ 5,700 ပဲ အမြင့်ဆုံး ကျသင့်မှာ ဖြစ်ပါတယ်။
Ref: motor 1.com