အနာဂတ်မှာ Tesla ကို ကျော်နိုင်ဖို့အထိ ရည်မှန်းထားပြီး ကုမ္ပဏီ အများအပြားနဲ့လည်း ပူးပေါင်းထားတဲ့ နာမည် ကျော် Volkswagen တို့ အတွက်ကတော့ Software ပိုင်းကလည်း ‌အရေးကြီးတဲ့ အပိုင်းက ပါဝင် နေပါတယ်။ ဒီ အတွက်လည်း တရုတ်နိုင်ငံမှာ လျှပ်စစ်ကား Software ပိုင်းနဲ့ ပတ်သက်ပြီး Volkswagen တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ရှိလာခဲ့ပါပြီ။ လက်ရှိမှာ တရုတ်ကား ဈေးကွက်က လည်း ကမ္ဘာ့အကြီးဆုံး ကား ဈေးကွက် ဖြစ်လာခဲ့ပြီး လျှပ်စစ်ကားတွေ နာမည်အရဆုံးလူကြိုက်များလာနေတဲ့ ဈေးကွက်ဆိုရင်လည်း မမှား ပြန်ပါဘူး။ Tesla CEO Elon Musk နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ယခင် Volkswagen Group CEO ဖြစ်တဲ့ Herbert Diess ကလည်း သူ့အနေနဲ့ Tesla ကို တကယ်ပဲ အထင်ကြီးလေးစားမိပြီး Volkswagen တိုးတက်အောင် လုပ်ရမယ့် အပိုင်းတွေကလည်း သေချာကို ရှုမြင်နိုင်ခဲ့တယ် လို့ ဆိုထားခဲ့တာပါ။

Photo: InsideEvs

လက်ရှိမှာတော့ Ford နဲ့ GM တို့လို နာမည်ကျော် ကားကုမ္ပဏီကြီးတွေပါ ပါဝင်နေတဲ့ VW Group ကနေ Tesla ထက် လျှပ်စစ် ကားများများ ပိုထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါပြီ။ တကယ်တော့ Tesla မတိုင်ခင် ဟိုးယခင်ကတည်းက သာမန်စွမ်းအင်နဲ့  ကားကောင်းတွေကို အဆိုပါ ကုမ္ပဏီတွေက ကမ္ဘာအနှံ့မှာ စက်ရုံတွေတည်ထောင်ကာ ထုတ်လုပ် နေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ VW Group ထဲမှာကိုပဲ အများကြီး အလားအလာရှိတဲ့ လုပ်ငန်းသစ်တွေ ပေါ်ထွန်းလာ နေခဲ့ပြန်ပါပြီ။ လက်ရှိမှာ VW အပါအဝင် ရှိပြီးသား ကားကုမ္ပဏီတွေက သူတို့ အနေနဲ့ လျှပ်စစ်ကားတွေ ကို နိုင်နိုင်နင်းနင်း ထုတ်လုပ်ရောင်းချ နေနိုင်တယ်ဆိုတာ သက်သေပြထားပေမယ့် ဈေးကွက်ထဲမှာတော့ လျှပ်စစ်ကားဆိုရင် Tesla တို့ကပဲ ရှေ့ရောက်နေစမြဲပါ။ အခြားသော မူလ သာမန်ကုမ္ပဏီတွေနဲ့ Tesla တို့ အဓိက ကွာခြားတာကတော့ Tesla ဟာ Software ပိုင်းနဲ့ Renewable Energy ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အပိုင်းကို ပါ အမြဲ အလေးထား ကြံဆနေတဲ့ ကုမ္ပဏီ ဖြစ်နေလို့ပါပဲ။ ကားတွေ ရောင်းရတာတွေ ၊ ဈေးကွက်ထဲ ရောင်းအားတက်တာတွေနဲ့ အကျိုးအမြတ် အများ ကြီးရတာ တွေကနေ အခုလို နည်းပညာဘက် အပိုင်းကိုပြန်ပြီး အပြန်အလှန် ထောက်ပံ့ ပေးနိုင်တာလည်း ဖြစ်ပါတယ်။

Photo: InsideEvs

လက်ရှိ အနေအထား အရတော့ ကုမ္ပဏီတွေ ကလည်း Tesla ရဲ့ ရှေ့ဆောင်လမ်းပြမှု နောက်ပဲ လိုက်နေကြပေမယ့် တကယ်တမ်း နည်းပညာပိုင်း သုတေသနဲ့ ဖွံ့ဖြိုးရေး အပိုင်းတွေကို အာရုံစိုက် ဖို့ဆိုရင်တော့ အဓိက ကျတဲ့ အပိုင်းက Software ပိုင်းပါပဲ။ ဒီအပိုင်းမှာ ကောင်းကောင်းလုပ်နိုင်မှသာ သာမန် ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ အနေနဲ့ Tesla ကို အခုထက် ပိုယှဉ်နိုင်တဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ အဖြစ်အသွင် ပြောင်းလာနိုင်မှာပါ။ ဒီလို အနေအထားတွေကြောင့် VW Group အနေနဲ့တရုတ်မှာ Software ပိုင်းအတွက် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ ရှိနေပြီ ဆိုတဲ့ သတင်းထွက်လာ ခဲ့တာပါ။ ဒါပေမယ့်လည်း တရုတ် ရဲ့ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ JAC၊ SAIC နဲ့ FAW တို့နဲ့ပါ ပူးပေါင်းထားနိုင်ပြီး လက်တွဲ လုပ်ကိုင်နေတဲ့ Volkswagen တို့ အဖို့တော့ ဒီသတင်းတွေက အထူးအဆန်း ဖြစ်နေမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ဖွယ်ရှိတဲ့ အဆိုပါ ပူးပေါင်းမှုတွေမှာ ကနဦးရင်းနှီးမြုပ်နှံမှုက ဒေါ်လာ ၁ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ လာမယ့် အပတ်ထဲမှာတင်ပဲ Volkswagen ဘက်က အခု ပူးပေါင်းမှုကို တရားဝင် ကြေညာ နိုင်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် VW ဘက်ကတော့ လက်ရှိ အချိန်အထိ မှတ်ချက် တစ်စုံတစ်ရာ မပေးထားသေးသလို ပူးပေါင်းထားတဲ့ တရုတ်ကုမ္ပဏီတွေ ဘက်ကလည်းအတည်မပြု ထားသေးတာ ကြောင့် ပိုပြီး စိတ်ဝင်တစား စောင့်ကြည့်နေရုံပဲ ရှိပါတော့တယ်။

Ref: InsideEvs