အမေရိက ရဲ့ Volkswagen နဲ့ Amazon နည်းပညာ ကုမ္ပဏီကြီးတို့ပူးပေါင်းပြီး Test Drive With Alexa ဆိုတဲ့ နည်းပညာသစ် တစ်ရပ်နဲ့အတူ အရောင်းကိုယ်စားလှယ်တွေ မလိုတော့မယ့် နည်းပညာသစ်တစ်ရပ်ကို စမ်းသပ်ခဲ့ ကြပါတယ်။ အဆိုပါ စနစ်မှာတော့ ကားသစ်တစ်စီး ဝယ်ချင်တဲ့ Customer တွေအဖို့ Amazon Alexa စနစ်နဲ့ အတူ ကားကိုစမ်းသပ်မောင်းနှင်ရာမှာ အသံနဲ့ ခိုင်းစေပြီး သူတို့ရဲ့ အဖော်တစ်ယောက် အနေနဲ့ အသုံးပြုနိုင်မှာပါ။ အခုစနစ် ကိုတော့ လာမယ့်ဆောင်းဦးလောက်မှာ ထွက်ရှိလာမယ့် Volkswagen ရဲ့ ID.4 ကားသစ်မှာ စတင်ရရှိလာမှာ ဖြစ်ပါတယ်။ အခု စနစ်ကို စမ်းသပ်ပြထားတဲ့ Video ထဲမှာဆိုရင်တော့ အဆိုပါ ကားသစ်ရဲ့ Dashboard ပေါ်မှာ Echo Auto Device လေးပဲ ထားရှိပြီး စမ်းသပ်မောင်းနှင်နေသမျှ တစ်လျှောက်လုံး သိချင်တာတွေကို တောက်လျှောက် ပြန်ဖြေပေးနေတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

Volkswagen America ရဲ့ အရောင်းပိုင်း အကြီးအကဲဖြစ်သူ Andrew Savvas ကလည်း လျှပ်စစ်ကား ခေတ်သစ် တစ်ခုမှာ Customer တွေနဲ့ ထိတွေ့ဆက်ဆံနိုင်မယ့် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ နည်းစနစ်တွေ ဖန်တီးလာနိုင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခုလို နည်းပညာအသစ်ကို လာမယ့် ID.4 အသစ်မှာ Amazon နဲ့ ပူးပေါင်းကာ ရရှိတော့မှာဖြစ်ပြီး ကားအတွက် လိုအပ်တဲ့ အချက်အလက်တွေကို မမေးခင် ကြိုသိ နေနိုင်မယ့်အထိ တုံ့ပြန်မှုကောင်းမှာ ဖြစ်တယ်လို့လည်း Andrew က ဆိုထားပါသေးတယ်။ ကားတစ်စီးကို စမ်းသပ်မောင်းနှင်စဉ်မှာ Customer ဘက်က မေးမြန်းလာနိုင်မယ့် အချက်အလက်တွေ အကုန်လုံးကို ထည့်ပေးထား ပြီး ID.4 ရဲ့ လိုတဲ့ အချက်တွေကိုလည်း စနစ် မှာ ထည့်ပေးထားပါသေးတယ်။ အဓိက ကတော့ ကားရဲ့ ဘက်ထရီပမာဏ ဘယ်လောက်ကျန်တယ် ၊ အားသွင်း နေတဲ့ အနေအထား ၊ Blind Spot Monitor စနစ် ၊ Infotainment စနစ်နဲ့ ချိတ်ဆက်နေမှု ၊ ကုန်ကျစရိတ် ၊ သာမန် ပြုပြင် ထိန်းသိမ်း စရိတ်တွေနဲ့ အခြားသော အရေးကြီး အချက်အလက် အစုံအလင်ကို မေးမြန်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဥပမာအားဖြင့် ID.4 ရဲ့ ကားအတွင်း ပါဝင်လာတဲ့ အနှိပ်ထိုင်ခုံတွေ အကြောင်း သိချင်တယ်ဆိုတာကို မေးမြန်း လိုက်ရုံ နဲ့ အဆိုပါ အနှိပ်ထိုင်ခုံ ဝန်ဆောင်မှုတွေကို ID.4 Pro S ကနေ Pro S With Gradient Model တွေအထိ ရနိုင်မှာ ဖြစ်တယ်စသဖြင့် အသေးစိတ် ပြန်ဖြေပေးမှာပါ။ အဆိုပါ လုပ်ဆောင်ချက်ကို စမ်းသပ်မောင်းနှင်နေတုန်း ခံစားကြည့်ချင်တယ် ဆိုရင်လည်း “Alexa ရေ အနှိပ်ဝန်ဆောင်မှုလေး ဘယ်လိုဖွင့်ရမလဲ” လို့ ရိုးရိုးလေး မေးလိုက်ရုံနဲ့တင် ဖွင့်ပြမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ စနစ်ကိုရလာမယ်ဆိုရင် ဒေသတစ်ချို့မှာပဲ စသုံးလို့ ရနိုင် ဦးမှာဖြစ်ပါတယ်။ ပိုထူးခြားတာကတော့ Volkswagen နဲ့ Amazon Ads တို့ ပူးပေါင်းပြီး တစ်ချို့နေရာတွေမှာ ဘယ်လို တိုးတက်လာတာမျိုး လိုချင်သလဲဆိုတဲ့ အချက်အလက်တွေ ပါဝင်မယ့် စစ်တမ်းတစ်ခုကိုလည်း Customer တွေ ဖြေဆိုလို့ရအောင် စီစဉ်ပေးထား ပါသေးတယ်။ အဆိုပါ စမ်းသပ်မောင်းနှင်မှုကတော့ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တာ ဖြစ်ပြီး အတော်လေးတော့ စိတ်ဝင်စားစရာတွေ မြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com