လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်တုန်းက စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း တစ်ခုကနေ Volkswagen ရဲ့ နာမည် ကျော် Mircrobus ကားလေးကို Half-Track Fox လို့ အမည်ရတဲ့ ကုန်တင်တစ်ဝက်သုံးလို့ ရမယ့် ထူးထူးခြားခြား ကား တစ်စီးအဖြစ် ပြောင်းပေး ခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ နှစ်တွေကြာခဲ့ပြီးမှ အဆိုပါ ကားလေးကို တစ်စီး လုံး ပြန်လည် ဆန်းသစ်ပြီး တောင်ပေါ်ဒေသ လမ်းကြမ်းတွေမှာတောင် မောင်းနှင်နိုင် အောင် ပြင်ဆင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ မူလ ကားလေးကို တော့ ၁၉၆၂ ခုနှစ် တုန်းက ဂျာမနီ နိုင်ငံ ၊ ဟန်နိုဗာ မှာ ရှိတဲ့ ကုမ္ပဏီရဲ့ စက်ရုံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါ ကားလေး ကို VW ရဲ့ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Kurt Kretzner ထံကို ပို့ဆောင် ပေးလိုက်ရမှာတော့ အခုလိုပဲ လမ်းကြမ်းသွားနိုင်တဲ့ ကားတစ်စီး စတင် ဖြစ်လာခဲ့ ရပါတော့တယ်။ သူ့ အနေနဲ့ ကတော့  Van ကား တစ်စီးကိုမှ လမ်းကြမ်းမောင်း အဓိက ကောင်းစေချင်ခဲ့တာ ဖြစ်ပြီး မောင်းရတာလည်း လွယ်လွယ်ကူ ကူရှိစေခဲ့မယ့် ကားမျိုးကို လိုချင်နေခဲ့တာပါ။ အခုလိုမျိုး လွယ်လွယ်ကူကူ မောင်းလို့ ကောင်းတဲ့ လမ်းကြမ်း ကား ဆိုတာကို သူရှာလို့ မရတော့တဲ့အဆုံး အခုကားလေးကို ပြောင်းလဲပြီး ဖန်တီး လိုက်တော့တာပါပဲ။

Photo Credit: MotorAuthority

တကယ့်ကို Half-Track ကား အမျိုးအစား တစ်စီးအဖြစ် အသွင်ပြောင်းသွား ခဲ့ပေမယ့်လည်း အဆိုပါ ကား ကတော့ ယခင် ဒုတိယ ကမ္ဘာ‌စစ် အတွင်းက ထုတ်ခဲ့ဖူးတဲ့ Allied နဲ့ Axis တို့လို စစ်ဘက်သုံး ယာဉ်တွေနဲ့ တော့ အများကြီး ကွာခြားမှုတွေ ရှိထားပါတယ်။ အဆိုပါ စစ်ဘက်သုံး ယာဉ်တွေကတော့ အရှေ့ဘက်မှာ ဆိုရင် ကားဘီးတွေ အနောက်ဘက်မှာ ဆိုရင်တော့ တင့်ကားရဲ့ သံတွဲဘီးကြီးတွေလိုမျိုး ဖြစ်ပေမယ့် အခု VW ကားလေးမှာတော့ အဆိုပါ ပုံစံကိုပဲ  ဘီးတစ်စုံချင်းသပ်သပ်စီ သုံးပေးထားတာတွေ့ရပါတယ်။ အရှေ့ ဘက်မှာတော့ ၁၄ လက်မ အရွယ် နှစ်ဘီးတွဲ တွေတပ်ဆင်ထားပြီး အနောက်ဘက် မှာတော့ ၁၃ လက်မ အရွယ် ဘီးတွေနဲ့အတူ အလူမီနီယံတွေ ၊ ရာဘာတွေနဲ့ ဖန်တီးထားတဲ့ တင့်ကားပုံစံ ဘီးတွဲကြီးတွေလည်း ပါဝင်ပါသေးတယ်။ Kretzner ကတော့ အခုလို ပုံစံကို လိုလို လားလားပဲ တမင်ဖန်တီးခဲ့တာဖြစ်ပြီး အကြောင်းကတော့ အရှေ့ဘက်မှာ သာမန် ကားဘီးတွေကို ထားခြင်းဖြင့် တောင်ပေါ် အတက်အဆင်း တွေ မှာ ပိုအဆင်ပြေစေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ကားရဲ့ ၃၂.၈ ‌ပေ အရွယ် Turning Circle ပမာဏက လည်း ကားကို သက်တောင့်သက်သာပဲ အကွေ့တွေမှာ အဆင်ပြေစေမယ်လို့ သိရပါတယ်။ ကားရဲ့ အင်ဂျင် ပိုင်း ကတော့ 1.1 Liter Flat-Four Engine ကို သုံးထားတာဖြစ်ပြီး စွမ်းဆောင်ရည်ကတော့ 33 hp ပဲ ရှိထားတာပါ။ ကားရဲ့ အမြင့်ဆုံးသော မြန်နှုန်းကတော့ တစ်နာရီကို ၂၂ မိုင်အထိ ရှိပြီး VW ကတော့ မူလ ထုတ်ခဲ့တဲ့ ကားထက် နည်းနည်း ပိုနှေးသွားတယ်လို့ ဆိုထားပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကားကို ပြောင်းလဲပေးခဲ့တဲ့ Kretzner ကလည်း ဒီကားကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချဖို့တောင် စီစဉ်‌ခဲ့သေးပြီး ၁၉၆၈ မတိုင်ခင်အထိ နောက်ထပ် ၂ စီး ရှိခဲ့သေးတယ်လို့ သိခဲ့ရပေမယ့် နောက်ပိုင်း ဘယ်လို ဆက်ဖြစ်သွားလဲ ဆိုတာတော့ အတိအကျ မသိထား ခဲ့ရပါဘူး။ အဆိုပါ ကားလေးကိုတော့ နောက်ပိုင်း ဩစတြီးယားမှာ ရှိတဲ့ Porsche Museum Of Gmund က ဝယ်ယူပြသထားခဲ့ပြီး နောက်ပိုင်းမှာတော့ Microbus စိတ်ဝင်စားသူ တစ်စုဖြစ်တဲ့ Bulkartei e.V. အဖွဲ့ဆီကို ရောင်းချ ပေးခဲ့ပါတယ်။ အဆိုပါ အဖွဲ့ ကတော့ ၂၀၀၅ ခုနှစ် ကတည်းက မပြီးဆုံးနိုင်တဲ့ ပြန်လည် ပြင်ဆင်မှု အသစ်တွေကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် မှာတော့ VW ဆီကို ပြန်လည် ရောင်းချခဲ့ကာ အခု ဆိုရင်တော့ ကုမ္ပဏီရဲ့ သမိုင်းဝင် အမွေအနှစ် စာရင်းထဲတောင် ရောက်လာခဲ့ပါပြီ။ အခု ကားလေးကို အများပြည်သူ ထံ ထုတ်ပြလာခဲ့တာက တော့ လျှပ်စစ် စွမ်းအင်သုံး VW ID.Buzz ကားသစ်လေး ဥရောပ‌‌ ဈေးကွက် ထဲဝင်ခါနီး အချိန် ကိုက်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ID.Buzz လေးကလည်း ယခင် Microbus လေးကို ပြန်လည် မှီငြမ်း ဖန်တီးထား တဲ့ခေတ်ပေါ် ကားသစ်လေး ဖြစ်ပြီး လာမယ့် ၂၀၂၄ မော်ဒယ်အနေနဲ့ အခုနှစ်ထဲ ရောင်းချတော့မှာ ဖြစ်ပါ တယ်။ အဆိုပါ ကားလေးကိုလည်း ယခင်လိုပဲ ဟန်နိုဗာက စက်ရုံမှာ တည်ဆောက်သွားမှာ ဖြစ်ကာ အခုလို မျိုး Half-Track ကားလိုသာ ပြန်ဖန်တီး ဖြစ်မယ် ဆိုရင်လည်း အတော်လေး ကြည့်ကောင်းနိုင်ပါတယ်။

Ref: MotorAuthority