Volkswagen ကတော့ ကုမ္ပဏီရဲ့ ID Models လျှပ်စစ်ကားတွေအတွက်  ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ Software Update တွေ ထုတ်ပေးခဲ့ပြီး အားသွင်းရတဲ့ အပိုင်းတွေ၊ ယာဉ်မောင်းအကူ နည်းပညာတွေအပြင် အခြားသော ဆက်စပ် နည်းပညာတွေမှာလည်း တိုးတက်မှု ရှိလာတာ တွေ့ရပါတယ်။ အဆိုပါ Software 3.0 ကိုတော့နောက်ထွက်မယ့် ကားအသစ်တွေမှာ တစ်ပါတည်း ထည့်သွင်းထားမှာဖြစ်ပြီး ကားအဟောင်း တွေ မှာတော့ အခုနှစ်ရဲ့ ဒုတိယ လေးလပတ် လောက်မှာတင် စတင် ရရှိလာတော့မှာပါ။ အခု Update မှာ အသစ် ပါဝင်လာခဲ့တဲ့ နောက်ထပ် ထူးထူး ခြားခြား လုပ်ဆောင်ချက် တစ်ရပ်ကတော့ Travel Assist ရဲ့ Update Version ဖြစ်ပြီး လမ်းကြောင်းတည့်မတ် နေအောင် အော်တိုချိန်ပေးတာ၊ အရှိန်လျော့တာ အရှိန် တင်တာတို့ကို အလိုအလျောက် လုပ်ပေးနေမှာလည်း ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Travel Assist စနစ်ကိုတော့ အချက်အလက် သိမ်းဆည်းမှု နည်းပညာအသစ်ဖြစ်တဲ့ Swarm Data နဲ့ သိမ်းဆည်း နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဒေတာ အရတော့ အလုပ်လုပ် နိုင်စွမ်း ပိုမြင့်လာမှာ တွေ့ရပြီး လမ်းကြောင်း တစ်ခုတည်းရှိရင် တောင်မှ အလိုအလျောက် လမ်းကြောင်းရအောင် ပြောင်းပေးနိုင်မှာပါ။ အဆိုပါ Update မှာတော့ Park Assist Plus ဆိုတဲ့ ပါကင်စနစ် ပါဝင်လာပြီး စတီယာတိုင်၊ လီဘာ၊ ဘရိတ် တို့ အားလုံးကို ခက်ခဲတဲ့ ပါကင် နေရာ တွေမှာ အလိုအလျောက် ချိန်ညှိပေးနေမှာပါ။ ဒါ့အပြင် ကားပါကင် နေရာ ၅ မျိုးအထိကို မှတ်သားထားနိုင်မယ့် စနစ်လည်း ပါဝင်ပါသေးတယ်။ အားသွင်းတဲ့ အပိုင်းမှာတော့ အပူချိန် ထိန်းညှိမှုစနစ်ကို တိုးတက်အောင် ပိုလုပ် ပေးထားပြီး 77 kWh Battery Pack ကို DC Fast Charging စနစ်နဲ့ တွဲဖက်နိုင်အောင် လုပ်ဆောင်ထားနိုင်ပါပြီ။ ပုံမှန် မြန်နှုန်း အနေနဲ့တော့ 125 Kw နဲ့ အမြင့်ဆုံးနှုန်း ဆိုရင် 135 Kw အထိ အားသွင်း နေမှာပါ။ Battery Care Mode ဆိုတဲ့ လုပ်ဆောင်ချက် အသစ်ကလည်း အားသွင်းတာကို ၈၀ % ရောက်လာရင် ပိုင်ရှင်ကို  အလိုအလျောက် အသိပေးပြီး တစ်ချို့ အပိုင်းတွေ ကန့်သတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

နောက်ထပ် အသုံးဝင်မယ့် လုပ်ဆောင်ချက် တစ်ရပ်ကတော့ ယာဉ်မောင်းတွေ အဖို့ အားသွင်းရမယ့် နေရာ ကို ကွက်တိ ရောက်နိုင်ဖို့ လမ်းပြပေးနိုင်မယ့် စနစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ အခြေအနေ ပေါ်မူတည် ပြီး ရွေးချယ် ပေးနိုင်မှာ ဖြစ်တာကြောင့် ဥပမာ ယခင်လိုမျိုး အားသွင်းနှုန်းနှေးတဲ့ အားသွင်းရုံ တစ်ရုံအစား အားသွင်းနှုန်း ပိုမြန်တဲ့ အားသွင်း ရုံ ၂ ရုံ လောက် အထိကို ရွေးချယ်ပေးလာမှာပါ။ တစ်ခြား သော အဆင့်မြင့်လာတဲ့ အပိုင်းတွေ အနေနဲ့ ဆိုရင် တော့ အသံနဲ့ ခိုင်းစေတဲ့ စနစ်ပိုကောင်းလာပြီး ရွေးချယ် ထည့်သွင်းလို့ရတဲ့ AR စနစ်သုံး Head Up Display မှာလည်း အပြောင်းအလဲတွေ များလာပါတယ်။ VW တို့ ကတော့ ကားတွေရဲ့ နည်းပညာပိုင်းမှာ ထိပ်တန်း ဖန်တီးရှင် အဖြစ် တဖြည်းဖြည်း ခံယူလာနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၂၁ တုန်းကလည်း Software ပိုင်းမှာ ယူရို ၃၀ ဘီလီယံ အထိ ရင်းနှီး မြုပ်နှံခဲ့ ပါသေး တယ်။ အဆိုပါ ရင်းနှီးမှုမှာ သာမန် Software ပိုင်းအပြင် မောင်းသူမဲ့ ကားစနစ်တွေပါ ပါဝင် တာ ကြောင့် လာမယ့် ၂၀၃၀ ရောက်ရင် သူတို့ကုမ္ပဏီကားတွေရဲ့ ၃ ပုံ တစ်ပုံလောက်က Software အခြေပြု လုပ်ဆောင် ထိန်းချုပ်နိုင်တဲ့ ကားတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

Ref: MotorAuthority