Volkswagen ကတော့ 2022 Model အတွက် e-up! ဆိုတဲ့ ကားလေးကို ဈေးကွက်ထဲပြန်လည် ယူဆောင် လာခဲ့ပါပြီ။ တကယ်တော့ အဆိုပါ လျှပ်စစ် ကားအသေးလေးကို ၂၀၂၀ ကတည်းက ပိုင်ရှင်တွေလက်ထဲ ရောက်ဖို့ ၁၆ လ လောက် အထိ စောင့်ဆိုင်းရမှာ ဖြစ်နေလို့ နောက်ပိုင်း ဆက်လက် မရောင်းချထားတာပါ။ ဒါပေမယ့် အခု ၂၀၂၁ နောက်ပိုင်းမှာ အဆိုပါကား ထုတ်လုပ်ရေးပိုင်း ပုံမှန် ပြန်ဖြစ်လာတာကြောင့် အခု ဂျာမနီနဲ့ လက်ကျန် ဥရောပ ဈေးကွက် အတွက်ကို ပြန်လည် ယူဆောင်လာတာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ ကုမ္ပဏီရဲ့ လျှပ်စစ် ကား ဈေးကွက်ထဲ Entry Level ကား တစ်စီး အဖြစ် ရှိနေတာ ဖြစ်ပြီး VW ID.3 ရဲ့ အောက်မှာ ရပ်တည်ထားတဲ့ ကားလည်း ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိတော့ အဆိုပါ ကား အစီး ရေ ပေါင်း ၈၀,၀၀၀ လောက်အထိရောင်းချထားရပြီး ဂျာမနီဈေးကွက်ထဲမှာဆိုရင်တော့ ၂၀၂၁ အတွက် ဒုတိယမြောက် ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားအသစ် အဖြစ် ရှိနေခဲ့ပါတယ်။
လက်ရှိ မှာတော့ အဆိုပါကားကို Style Plus Trim ဆိုတဲ့ Trim တစ်ခုတည်းပဲ မိတ်ဆက်ထားပြီး လက်ရှိ အမေရိကန် ဒေါ်လာဈေးနဲ့ ဆိုရင်တော့ $30,400 အထိ ရှိပါတယ်။ အဆိုပါ ဈေးနှုန်းကတော့ ဂျာမနီ မှာရှိ တဲ့ သဘာဝ ပတ်ဝန်းကျင် နဲ့ တီထွင် ဆန်းသစ်မှုဆိုင်ရာ အခွန်အခတွေ ဖြစ်တဲ့ $ 10,830 တော့မပါဝင်သေး တာပါ။ 32.2 kWh ဘက်ထရီစနစ်ကို အများဆုံးရရှိမယ့်ကားဖြစ်ပြီး ပုံမှန်အားဖြင့်တော့ တစ်နာရီ အားသွင်း ထားရင် မိုင်ပေါင်း ၁၆၀ လောက် အထိ မောင်းနှင် နိုင်တာပဲ ဖြစ်ပါတယ်။ အားပြန်သွင်းဖို့ ဆိုရင်တော့ 40 kW DC အားသွင်း စနစ်ကြောင့် ၈၀ ရာခိုင်နှုန်းအထိ အားပြည့်အောင် သွင်းဖို့ဆိုရင် မိနစ် ၆၀ လောက်တော့ အချိန်ယူရမှာပါ။
လက်ရှိမှာတော့ ၂၀၂၁ အတွက် ကားမော်ဒယ်တွေကို အမှာစာတွေလက်ခံထားပြီဖြစ်ပြီး တစ်ဖက်ကအဓိက ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ Dacia Spring အနေနဲ့ ကတော့ ဥရောပရဲ့ လျှပ်စစ်ကားတွေထဲ ဈေးအပေါဆုံး ကား တစ်စီး အဖြစ် ထိုးဖောက်လာနေပါတယ်။ တရုတ် အခြေစိုက် အဆိုပါ ကားအသစ်ကတော့ လက်ရှိ အချိန်အထိ အမှာစာပေါင်း ၄၆,၀၀၀ လောက် အထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဈေးကွက်ထဲ တစ် ကျော့ပြန် ရောက်လာတဲ့ VW အနေနဲ့ဆိုရင် Entry Level EV ဈေးကွက်ထဲမှာ Dacia Spring နဲ့ ထိပ်တိုက် ယှဉ်လာနိုင်ပါတယ်။ ဒါ့အပြင် Spring ကားအသစ် ကလည်း လာမယ့် ၂၀၂၄ လောက်မှာမှ စတင် ထွက်ပေါ် လာမှာ ဖြစ်တာကြောင့် အဆိုပါ ကားနှစ်စီး အနေနဲ့ တော့ရှေ့လာမယ့် နှစ်နှစ် လောက်အထိကို အဓိက ပြိုင်ဆိုင်နေနိုင်သေးပါတယ်။
Ref: motor 1.com