ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ကား ကုမ္ပဏီကြီး Volvo ကနေ သူတို့ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံ အသစ်ကို ဆလိုဗက်ကီးယား နိုင်ငံ ၊ Kosice မှာ တည်ဆောက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အဆိုပါ စက်ရုံကတော့ ကုမ္ပဏီ အတွက် ဥရောပဒေသတွင်း တတိယမြောက် စက်ရုံ ဖြစ်လာတော့မှာဖြစ်ကာ ယခင် တုန်းကတော့ ဘယ်လ်ဂျီယံ နဲ့ ဆွီဒင်တို့မှာ ဆောက်လုပ်ခဲ့တာပါ။ အဆိုပါ ကြေညာချက် အသစ်ကတော့ Volvo အဖို့ ဥရောပ ဒေသ အတွင်း ကားထုတ်လုပ်ရေး စက်ရုံအသစ် ဖန်တီးနိုင်ခဲ့တယ်လို့ နှစ်ပေါင်း ၆၀ အတွင်း ပထမ‌ဆုံး ကြေညာနိုင်ခဲ့တာ ပါပဲ။ စက်ရုံမှာထူးခြားတာ ကတော့ လျှပ်စစ်ကားတွေကိုချည်း သီးသန့် ထုတ်လုပ်ပေးမှာ ဖြစ်ကာ တစ်နှစ်ကို ကား အစီးရေ ၂၅၀,၀၀၀ လောက် အထိ ထုတ်လုပ်ပေး နိုင်မှာပါ။ ဒါ့အပြင် လက်ရှိတည်ဆောက်မယ့် စက်ရုံနေရာမှာလည်း အနာဂါတ်မှာ လိုအပ်လာရင် ချဲ့ထွင်နိုင်ဖို့ အတွက် နေရာလွတ်‌တွေပါ ပါလာသေးတာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံသာ အင်ပြည့်အားပြည့် စတင်ပြီ ဆိုပါက ယခင် ဘယ်လ်ဂျီယံ နဲ့ ဆွီဒင် အခြေစိုက် စက်ရုံတွေနဲ့ ပေါင်းပြီး Volvo ရဲ့ ဥရောပ ဒေသတွင်း ကားထုတ် လုပ်မှုက နှစ်စဉ် အစီးရေ ၆၀၀,၀၀၀ လောက် အထိကို ရှိလာတော့မှာပါ။

Photo Credit: MotorAuthority

ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကတော့ Volvo ဟာ ဈေးကွက် အသီးသီး ကားပေါင်း ၇၀၀,၀၀၀ အထိ တင်ပို့ပေးနိုင်ခဲ့ ပေမယ့် အခု လာမယ့် ဆယ်စုနှစ်တစ်ဝက် ‌အရောက်မှာတော့ ၁.၂ သန်း လောက်အထိကို ကားသစ်တွေ တင်ပို့ပေးနိုင်ဖို့ ရည်မှန်း ချက်ထားထားတာပါ။ အခြားသော ကုမ္ပဏီပိုင် စက်ရုံတွေကိုတော့ အမေရိကနဲ့ တရုတ်မှာ တွေ့နိုင်ပြီး တစ်နှစ်ကို ပျမ်းမျှအစီးရေ ၈၀၀,၀၀၀ ဝန်းကျင်လောက် အထိကို ထုတ်လုပ်ပေး နေ နိုင်တာ ဖြစ်ပါတယ်။ အခု စက်ရုံ အသစ်မှာတော့ ဒေါ်လာ ၁.၄ ဘီလီယံ လောက်အထိ ရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပြီး ဆလိုဗက်ကီးယား အစိုးရကလည်း ၂၀% ရင်းနှီးငွေ ထည့်ဝင်ထားကာ စက်ရုံကနေ အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၃,၃၀၀ လောက် အထိကို ဖန်တီး ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ရည်မှန်းချက်ထားထားတဲ့ အစီအစဉ်တွေအတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ စက်ရုံ တည်ဆောက်ရေး တွေကို လာမယ့် ၂၀၂၃ မှာပြီး ပထမဆုံးသော ကားတွေကိုတော့ လာမယ့် ၂၀၂၆ မှာ စတင် ထုတ်လုပ် လည်ပတ်လာနိုင် တော့မှာပါ။ လာမယ့် ၂၀၃၀ အရောက်မှာတော့ Volvo အနေနဲ့ ကမ္ဘာတစ်ဝန်းက သူ့ရဲ့ စက်ရုံတွေ အားလုံးကို လျှပ်စစ် ကားတွေချည်း သီးသန့်ထုတ်လုပ်နိုင်ဖို့ အတွက် ပြင်ဆင်ထားမှာ ဖြစ်ပါတယ်။ လက်ရှိ ဒီစက်ရုံ အသစ်ကလည်း ဘယ်ကား အမျိုးအစားတွေ ထုတ်လုပ်သွားမလဲ မသိရသေးပေမယ့်လည်း ဖြစ်နိုင်ချေ တစ်ခုကတော့ Compact XC 40 ထက် ပိုသေးတဲ့ Crossover တစ်စီးနဲ့ အတူ စတင်ထုတ်လုပ် ပေးလာနိုင်ပါတယ်။ လက်ရှိ Volvo CEO ဖြစ်သူ Jim Rowan ကတော့ သူတို့အနေနဲ့ လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ်ကားတွေချည်း သီးသန့်ထုတ်လုပ်နိုင်ဖို့ ရည်ရွယ် ချက် ခိုင်ခိုင်မာမာ ရှိထားပြီးသားဖြစ် တာကြောင့် အခုလို ကုမ္ပဏီအတွက် အကြီးဆုံး ဈေးကွက် ဥရောပဒေသမှာ စက်ရုံသစ် တိုးချဲ့နိုင်တာဟာ တကယ် အရေးပါတယ်လို့ ဆိုထားပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority