တကယ်လို့ သင်က ဂိမ်းလောကနဲ့ ရင်းနှီးပြီးသား သူတစ်ယောက် ဆိုရင်တော့ Unreal Graphics Engine ဆီကနေ လုံးဝကို သဘာဝ ဆန်လွန်းတဲ့ ပုံရိပ်တွေကို ဂိမ်းတွေထဲမှာ မြင်ဖူးနိုင်ပါတယ်။ တကယ်လည်း လက်တွေ့နဲ့ တူလွန်းတဲ့ Graphic တွေကို ဖန်တီးပေးနေတဲ့ အဆိုပါ   Graphic Engine ရဲ့ မူလကုမ္ပဏီ ကတော့ အခု ဆိုရင် ‌ကားကုမ္ပဏီကြီး Volvo နဲ့ ပူးပေါင်းကာ နည်းပညာသစ်တစ်ရပ် ဖန်တီး လုပ်ဆောင်နေ ပါပြီ။ ဒါပေမယ့် ကားထဲက ဂိမ်းဆော့လို့ ရအောင် လုပ်တာမျိုး အတွက်ကိုတော့ Volvo တို့က ပူးပေါင်း ဖန်တီးမှာ မဟုတ်ပဲ အဓိက ကတော့ တကယ့်လက်တွေ့ မှာ အသုံးတည့်မယ့် နည်းပညာတစ်ရပ် ဖြစ်မယ်လို့ လည်း သိရပါတယ်။ Volvo ဘက်ကတော့ အခု နည်းပညာသစ်ကို ‌အခုနှစ် နှောင်းပိုင်း ထွက်လာမယ့် ကုမ္ပဏီရဲ့ Flagship လျှပ်စစ် ကားသစ်တွေမှာ စတင် အသုံး ပြုပေးလာမယ်လို့ ဆိုလာပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ ကားကတော့ Volvo XC40 Recharge ရဲ့ အထက်မှာ ရှိလာမယ့်  Concept Recharge ရဲ့ ထုတ်လုပ်တဲ့အဆင့် ကား ဖြစ်လာနိုင်ပါတယ်။ အဆိုပါ နည်းပညာကတော့ အသစ် စက်စက် စွမ်းဆောင်ရည်မြင့်တဲ့ ရုပ်ထွက် Graphic တွေကို Volvo ကားတွေ ဆီယူဆောင် လာပေးမယ့် နည်းပညာ လို့ ညွှန်းဆို ထားပါတယ်။

Photo Credit: CARBUZZ

အခု နည်းပညာက Volvo အခေါ် Human Machine Interface လို့ အမည်ရတဲ့ Infotainment Display တွေ အတွက် အတော်လေး ကောင်းတဲ့ Graphic တွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် Drive Information Module လို့ ခေါ်တဲ့ ယာဉ်မောင်း အတွက် အချက်အလက်တွေနဲ့ Infotainment ပိုင်းတွေ ပြသပေးတဲ့ နေရာမှာ အသုံးဝင်မှာ ပါ။ ဒါပေမယ့် အခု ရုပ်ထွက် အသစ်နည်းပညာတွေကို ကားရဲ့ဘယ် Screen မှာ သုံးလာမှာလဲ ဆိုတာ Volvo တို့က အတိအကျ မပြောထားသေးပေမယ့် Digital Gauge Cluster ပိုဖြစ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် ပိုတိကျတဲ့ Rendering တွေ ၊ အရောင် စိုစို လေးတွေနဲ့ 3 D Animation အသစ်တွေကို အခု ရုပ်ထွက်တွေမှာ မြင်ရမှာဖြစ်ပြီး ဒါတောင်မှ ဒီ အချက်တွေ က အခု စနစ်သစ်ရဲ့ ပထမဆုံး ခြေလှမ်းပဲ ရှိသေးတယ်လို့ ဆိုထားတာပါ။ ဒါကြောင့် အနာဂါတ်မှာ ဘယ်လို နည်းပညာ ချဲ့ထွင်မှုတွေ ဆက်ရှိလာမလဲဆိုတာ မသိရသေးပေမယ့် ဖြစ်ကောင်း ဖြစ်နိုင်တာကတော့ အပေါ် ဘက်မှာ ပါလာမယ့် Head-Up Display တွေမှာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ နည်းပညာ ထဲမှာ ရုပ်ထွက်ပိုင်းတင် မကပဲ အခြားသော Application တစ်ချို့လည်း ပါလာနိုင်သေးပြီး Volvo ကလည်း ကား အတွင်းခန်းရဲ့ Head-Up Display ပိုင်းကို အဆင့်မြှင့်တင် နေတယ်လို့ ဆိုထားဖူးတာကြောင့် ပိုမို ဖြစ်လာ နိုင်နေပါတယ်။

Photo Credit: CARBUZZ

လောလောဆယ် အနေအထား အရတော့ အခု နည်းပညာကြောင့် Volvo ရဲ့ Infotainment System တွေ လုံးဝကြီး ပြောင်းလဲ သွားမယ့် ပုံတော့ မဟုတ်သလို အမြင်ပိုင်း အရလည်းလက်ရှိ ဒီဇိုင်းတွေကိုတော့ ဆက် ပြီး အခြေခံ ပေးလာနိုင်ပါသေးတယ်။ ဒါ့အပြင် Volvo အနေနဲ့တော့ သူတို့ကားတွေရဲ့ ဖျော်ဖြေရေး စနစ် တွေမှာ Google ရဲ့ Snapdragon Platform ကိုပဲ ဆက်သုံးလာနိုင်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ပိုပြီး အဆင့်မြှင့်တင်တာ တွေဆက်လုပ်လာနိုင်ပြီး အထူးသဖြင့် အခု နည်းပညာသစ်သာ ရမယ် ဆိုရင် ယခင် ကထက် Screen ကို သုံးရတာ ၂ ဆလောက် မြန်ဆန်ချောမွေ့ လာတာမျိုးတွေ ၊ Graphic အသစ် တွေကို ခံစားရမှာတွေနဲ့ Render Graphic အပိုင်း တွေကိုလည်း ယခင်ကထက်တော့ ၁၀ ဆ လောက်အထိကို ပိုမြန်အောင် ဖန်တီးပေးလာနိုင်ပါတယ်။ တကယ်တော့ Infotainment စနစ်တွေ တကယ် ကောင်းမ ကောင်းဆိုတာကိုလည်း သူတို့ရဲ့ တုံ့ပြန်နိုင်စွမ်းတွေကို ကြည့်ကာ ဆုံးဖြတ်ကြလေ့ရှိတာ ဖြစ်ပါတယ်။ ဥပမာ ပြရရင်တော့ အပြင်ဒီဇိုင်းပိုင်းကောင်းမွန်တဲ့ Midsize Truck တစ်စီး Chevy Colorado ZR2 ဆိုရင်အတွင်း ခန်းက သိပ်ပြီး သဘောတွေ့ စရာတော့ မကောင်းလှပါဘူး။ ဒါပေမယ့် လည်းအဆိုပါ ကားရဲ့ ခပ်သေးသေး Screen Unit လေးက ထင်မထားလောက်တဲ့ တုံ့ပြန်မှု ကောင်းတွေကို ပေးထားနိုင်တာကြောင့် Screen အရွယ်အစားနဲ့ တစ်ခြား အချက်တွေကိုတောင် မေ့ကောင်းမေ့ထားနိုင် လောက် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာပိုင်းတွေ မှာတော့ Volvo ကားတွေက အတော်လေးကို မြန်ဆန် ရှေ့‌ရောက် လာနေတာကြောင့် အခု နည်းပညာသစ် အကြောင်းကိုလည်း ဆက်လက်ပြီးတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com