Volvo ကား ကုမ္ပဏီကတော့ သူတို့ရဲ့ နောက်ဆုံးပေါ် Flagship ကား EX90 ကိုလာမယ့် နိုဝင်ဘာ လ ၉ ရက်နေ့မှာ မိတ်ဆက်လာတော့မှာပါ။ တရားဝင် ပွဲမထုတ်ခင်မှာတင် ကားသစ်ရဲ့ နည်းပညာပိုင်းတွေကအစ အမျိုးမျိုးသော အပိုင်းတွေကို စိတ်ဝင်စားဖို့ ကောင်းအောင် နည်းနည်းစီချပြနေတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း Official Teaser တွေထဲကမှ စိတ်ဝင်စားဖို့ အကောင်းဆုံးလို့ ဆိုနိုင်မယ့်  Dashboard Design အသစ်ကို အကြမ်းချပြလိုက်ပြန်ပါပြီ။ ယခင် တုန်းကလည်း အလားတူ အတွင်းခန်း Dashboard ပုံစံကို ဒီဂျစ်တယ်ခန့်မှန်းပုံကြမ်းတွေကနေ တစ်ဆင့်မြင်ခဲ့ ဖူးကြပေမယ့် အခု တစ်ခေါက် တကယ့်ကားမှာ သုံးမယ့် ပုံနဲ့ အတူတူပဲ ဖြစ်လာတာတော့ အံ့အားသင့်စရာပါ။ အခု ဒီဇိုင်းမှာတော့ ယာဉ်မောင်းရှေ့တည့်တည့်မှာ Screen အသေးတစ်ခုရှိနေပြီး မြန်နှုန်း၊ Range နဲ့ လမ်းညွှန်စတာ တွေကို ပြပေးနိုင်ပါလိမ့်မယ်။ အလယ်တည့် တည့်က ပိုကြီးတဲ့ Screen ပေါ်မှာ ဆိုရင်တော့ ကားရဲ့ လမ်းညွှန်စနစ် တစ်ခုလုံး၊ မီဒီယာပိုင်း ၊ ဖုန်း အဆက်အသွယ်နဲ့ယာဉ်ကို ထိန်းချုပ်နိုင်မယ့် အခြားသော Control တွေ အကုန်လုံးကို မြင်ရမှာပါ။ ဒါ့အပြင် Screen ကကားကို အားသွင်းထားတဲ့ အချိန်မှာပဲဖြစ်ဖြစ် ၊ ဖုန်းပြောနေချိန် ဒါမှမဟုတ် မောင်းနှင် နေစဉ်တွေအလိုက် အမျိုးမျိုး ‌အလိုက်အထိုက် ပြောင်းလဲပေးနေဦးမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကား တစ်စီးရဲ့ အမျိုးမျိုးသော မောင်းနှင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အကုန်လုံးကို ဖော်ပြပေးနေနိုင်မယ့် Screen ဖြစ်တာကြောင့် အဆိုပါ Screen တွေဟာယာဉ်မောင်းအတွက် တကယ်ကို ယုံကြည်စိတ်ချရ စေမယ်လို့လည်း Volvo က ဆိုထားပါတယ်။ ယခင်ကထက် ပိုပြီးရိုးရှင်း လွယ်ကူကာ ပိုပြီးလည်း အန္တရာယ်ကင်းနိုင်မယ်လို့လည်း ဖော်ပြထား ပြီး တကယ်တမ်းမှာလည်း ယာဉ်မောင်းအတွက် အခြေအနေ အလိုက် လိုအပ်မယ် အချက်အလက်တွေကိုသာ ပြပေး နေမှာ ဖြစ်ပါတယ်။ Dashboard နဲ့ ဆက်စပ်ပြီး ဒီကားရဲ့ အတွင်းပိုင်းကိုလည်း ပြီးခဲ့တဲ့ အပတ်ထဲက မြင်တွေ့ခဲ့ ရသေးကာ ထိုင်ခုံတွေနဲ့ Dashboard က Trim နေရာ တွေ အတော်များများမှာ  သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ပစ္စည်းတွေကို အလေးပေးသုံးထားတယ်လို့တော့ သိရပါတယ်။ အဆိုပါ EX90 SUV လျှပ်စစ် ကားသစ်ကတော့ သဘာဝ ကရတဲ့ ပစ္စည်းရင်းမြစ်တွေ နဲ့ ပြန်လည်အသုံးပြု ဖန်တီးထားတဲ့ ပလတ်စတစ်တွေ ပေါင် ၁၁၀ လောက် အထိ ပါဝင်လာ ပြန်ပါတယ်။ ဒါ့အပြင် နောက်ထပ် ထူးခြားအသုံးဝင်မယ့် ရေဒါတစ်ချို့ကိုလည်း ကားအတွင်းခန်းမှာ တပ်ဆင် ပေးထားပြီး ကားအတွင်းက ကလေး ဒါမှမဟုတ် အိမ်မွေး တိရစ္ဆာန်လေးတွေအိပ်ပျော်လိုက် ပိတ်မိနေတာ မျိုးဆိုရင် ချက်ချင်းအသိ ပေးနိုင်ပါလိမ့်မယ်။

Photo Credit: motor 1.com

အဆိုပါ အတွင်းခန်း က Sensors တွေနဲ့ ချိတ်ဆက်ကာ ယာဉ်မောင်း နားလည်‌နိူင်အောင် အရိုးရှင်းဆုံး ထောက်လှမ်း ပေးနိုင်မယ့် Sensors တွေလည်း ကားအပြင်ဘက်မှာ ပါလာဦးမှာပါ။ အဆိုပါ အပြင်ဘက် ပိုင်း မှာတော့ သာမန် ကင်မရာတွေ ၊ လေဆာတွေ ၊ ရေဒါတွေနဲ့ Ultrasonic Sensor တွေအထိကို ပါဝင်တာလည်း ဖြစ်ပါတယ်။ အဆိုပါ အတွင်းအပြင် Sensors တွေဆီက ရလာတဲ့ အချက်အလက်တွေကို Volvo ရဲ့ ကိုယ်ပိုင်နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ယာဉ်မောင်းက ကားကို အန္တရာယ်ကင်းအောင် သေချာမောင်းနှင် နေရဲ့လားဆိုတာပါ ဆန်းစစ်ပေးနိုင်ပါလိမ့်မယ်။ အဆိုပါ စနစ်တွေ အပါအဝင် ကားရဲ့ အသေးစိတ် အချက် အလက်တွေကိုတော့ လာမယ့် နိုဝင်ဘာ လ ၉ ရက် နေ့ အရောက်မှာမှ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရတော့ ယခင် XC90 တုန်းက အယူအဆတွေနဲ့ သိပ်ပြီး မကွဲသွားနိုင်ပေမယ့် အရေး အကြီးဆုံး ကတော့ ကားသစ်မှာ ပါလာမယ့် နည်းပညာနဲ့ လျှပ်စစ်သီးသန့် စွမ်းဆောင်ရည်တွေပါပဲ။အဆိုပါ စက်ပိုင်းဆိုင်ရာမှာ ဆိုရင်လည်း မော်တာပိုင်းတွေ ၊ ဘက်ထရီ ပိုင်းတွေ အကြောင်းကို လျှို့ဝှက်ထားဆဲ ဖြစ်တာကြောင့် ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor.1com