နာမည်ကျော် ကားထုတ်လုပ်ရေး Volkswagen တို့ကတော့ တရုတ်ကားဈေးကွက်အတွင်း VW-FAW နဲ့ VW-SAIC တို့ဆိုပြီး ကုမ္ပဏီ ၂ ခု ခွဲကာ သီးခြားစီ ရပ်တည်ယှဉ်ပြိုင်လို့ နေပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကုမ္ပဏီ ၂ ခုလုံးက ထွက်သမျှကားတိုင်းကိုတော့ ဈေးကွက်ထဲ ပြိုင်တူနေရာရဖို့ရာခဲယဉ်းနိုင်ကာ အထူးသဖြင့် SUV ဈေးကွက်ထဲမှာ ပိုရုန်းကန်ရနိုင်တာပါ။ တကယ်တမ်း လက်တွေ့မှာတော့ တရုတ် ပြည် ဈေးကွက်ထဲ Crossover တွေ အများ ကြီးရှိနေတယ် ဆိုတာ သိပေမယ့် VW တို့ကတော့ Tavendor SUV ကားသစ် တစ်မျိုးကို ရဲရဲတင်းတင်းပဲ မိတ်ဆက် ပေးလာခဲ့ ပြန်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ SUV ကားအသစ်ရဲ့ ခပ်ကြီးကြီး ကိုယ်ထည်နဲ့ ခန့်ခန့်ညားညား ပုံရိပ် တွေကို တရုတ်ပြည်တွင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနဆီကနေ စတင်ချပြလာခဲ့ပြီ ဖြစ်ပြီး အဆိုပါကားကို တော့ဒီနှစ်  အစော ပိုင်းလောက် ကတည်းကတင် ဆွီဒင်မှာ စမ်းသပ်ထုတ်လုပ် စစ်ဆေးနေတာ မြင်ခဲ့ရပါသေးတယ်။ အခု ကားသစ်ကိုတော့ VW-FAW ရဲ့ Lineup ထဲမှာ အကြီးဆုံးကား တစ်စီးအဖြစ် ဝင်ရောက်လာဖို့ ရှိပြီး အရှည် ၄.၉၃ မီတာ နဲ့အကျယ် ၂.၀၁ မီတာ အထိကို ရှိပါတယ်။ Talagon ဆိုတဲ့ ကုမ္ပဏီရဲ့ နောက်ထပ် SUV တစ်မျိုးထက် အနည်းငယ်လေး ပိုတိုပြီး မီလီမီတာပိုင်းလောက်လေး ပိုကျယ်တယ် ဆိုပေမယ့် အဆိုပါကား ၂ စီး လုံးကတော့ ၂.၉၈ မီတာ အရှည် Wheelbase တွေအတူတူ ရှိထားကြတာပါ။

Photo Credit: motor 1.com

အင်ဂျင်ပိုင်းကတော့ အခု ကားအသစ်မှာ 2.0 Liter Turbocharged Four-Cylinder ဂတ်စ်အင်ဂျင်ကို တပ်ဆင် ပေးထားပြီး စွမ်းဆောင် ရည်ကတော့ 196 hp နဲ့ 220 hp တို့ဆိုပြီး ၂ မျိုး ရရှိမယ်လို့ သိရပါတယ်။ ဂီယာပိုင်းမှာတော့ Seven-Speed Dual-Clutch Automatic Gearbox ကို သုံးပေးထားနိုင်ပြီး 4Motion All-Wheel Drive စနစ်ကိုတော့ ရွေးချယ်နိုင်အောင် ထည့်ပေးထားပါတယ်။ Trim Level အနည်းငယ်ကိုလည်း ဈေးကွက်ဝင်တဲ့ အခါ ရွေးချယ်နိုင်မှာ ဖြစ်ပြီး အခုနှစ်ရဲ့ တတိယ ၃ လပတ်လောက် မှာ စတင် ဝယ်ယူလို့ ရလာနိုင်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၄၄,၇၈၀ ‌လောက် ခန့်မှန်းခြေရှိနိုင်ပြီး Sport ပိုဆန်မယ့် R-Line Model ဆိုတာ လည်း ပါဝင်လာဖို့ ရှိနေတာပါ။

Photo Credit: motor 1.com

အခု ကားအပြင် တရုတ်ဈေးကွက်ထဲမှာတော့ Volkswagen ဟာ VW-SAIC ပူးပေါင်း ကုမ္ပဏီအနေနဲ့ နောက်ထပ် SUV ကား ၂ မျိုး အထိ ကို ထုတ်လုပ်ပေးလာဖို့ ရှိနေပါသေးတယ်။ Talagon နဲ့ အခုမြင်ရတဲ့ Tavendor တို့အကြားမှာ Teramont ဆိုတဲ့ နောက်ထပ် ကားတစ်စီး ရှိလာဦးမှာ ဖြစ်ကာ Coupe ပိုဆန်တဲ့ မျိုးကွဲအဖြစ် Teramont X ဆိုတဲ့ ကား တစ်စီးလည်း ပေါ်လာဦးမှာပါ။ ဒီ ကားတွေသာ အကုန် ဈေးကွက်ထဲ ရောက်ပြီဆိုရင်တော့ VW တို့သာ တရုတ် ‌ဈေးကွက်ထဲမှာ ပြည်တွင်း ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး SUV ၁၀ မျိုး လောက်အထိ ကို ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ Sedan ပိုင်းကို ကြည့်မယ် ဆိုရင်တော့ MQB Evo Platform အသစ်ပေါ် အခြေခံထားတဲ့ Lamando Sedan ကား အသစ်တစ်စီးကို တရုတ်ဈေးကွက်ထဲ မကြာသေးမီကမှ မိတ်ဆက်ပေးထား ခဲ့ဖူးပါတယ်။ အဆိုပါကားရဲ့ အင်ဂျင် ကတော့ 1.4 Liter TSI Engine ဖြစ်ပြီး 150 hp အထိရှိကာ Seven-Speed Dual-Clutch Automatic Transmission ဂီယာ နဲ့ တွဲဖက် ပေးလာ တာပဲ ဖြစ်ပါတယ်။ ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ 2.0 TSI Engine ကိုတော့ Tavendor အသစ် မှာ မြင်လာရမှာဖြစ်ပြီး နောက်ပိုင်း ကားမျိုး ဆက်သစ်မှာ ပိုဖြစ်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: motor 1.com