လျှပ်စစ် စွမ်းအင်သုံး Pickup ကားတွေရဲ့ ပြိုင်ဆိုင်မှုတွေက အတော်လေး ကြီးမားလာနေပြီး အထူးသဖြင့် အမေရိက ဈေးကွက်ထဲမှာ ပိုပိုပြီး သိသာလာနေတာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ချို့သော ကားကုမ္ပဏီ အသစ်တွေ အဖို့ ကတော့ ရှိပြီးသား ကုမ္ပဏီ ကြီးတွေရဲ့ လျှပ်စစ် ကားသစ်တွေကို ကျော်ဖြတ်ဖို့ ခက်ခဲနေ တာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကားသစ်တွေထဲမှာတော့ Rivian ဆိုရင် R1T Pickup Truck ကားသစ် ကို အမှာစာပေါင်း သောင်းနဲ့ချီရထားပြီး Tesla ရဲ့ Cybertruck နဲ့ အတူတူလောက်ကို စိတ်ဝင်စား ခံနေရတာကြောင့် အတော်လေး အားတက်စရာ တော့ ကောင်းနေပြန်ပါတယ်။

Photo Credit: MotorAuthority

ဒါကြောင့် အခုဆိုရင် Volkswagen ရဲ့ အမေရိကဒေသ CEO ဖြစ်သူ Scott Koegh ကလည်း VW Brand နဲ့ လျှပ်စစ် စွမ်းအင်သုံး Pickup ကားတစ်စီးကို အမေရိက ဒေသထဲ ပို့ဆောင်ပေးလာဦးမှာ ဖြစ်တယ်လို့ Business Insider နဲ့ အင်တာဗျူး တစ်ခုမှာ ပြောကြားသွားတာပဲ ဖြစ်ပါတယ်။ ၎င်း အနေနဲ့ကတော့ အခုလို လျှပ်စစ်စွမ်းအင်သုံး ကုန်ကား ဈေးကွက်ကို တစ်သက်မှာ တစ်ခါပဲ ရနိုင်မယ့် အခွင့်အရေးအဖြစ် ရှုမြင်ထား ပြီး ပြိုင်ဘက်တွေလိုပဲ ကွဲပြား ခြားနားပြီး မတူညီတဲ့ အသွင်သစ် ၊ အမြင်သစ်တွေနဲ့ ဝင်ရောက်လာနိုင်မှာ ဖြစ်တယ်ဆိုပြီး ဆိုထား ခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကားဖြစ်မြောက်လာရေး အတွက် VW ဘက် က  လေ့လာမှုတွေ အားတက်သရောလုပ်နေပြီး အတိအကျတော့ ထုတ်ပြောလို့ မရသေးဘူးလို့ Koegh က ဆိုထားပါတယ်။ တကယ်တော့ VW က အမေရိက ဒေသအတွက် Electric Pickup ကားကို တစ်ကြိမ်တင် မက နှစ်ကြိမ်တိုင်တိုင် အနည်းငယ် ချပြခဲ့ဖူးပြီး Atlas Mid-Sized SUV ပေါ် အခြေခံ ထားတဲ့ Atlas Tanoak Concept ကိုလည်း ၂၀၁၈ တုန်းကချပြခဲ့ဖူးပါတယ်။ ဒုတိယအကြိမ်မြောက် ဖော်ပြခဲ့တာ ကတော့ ၂၀၁၉ တုန်းက ဖြစ်ပြီး Tarok Concept ကို ‌မြင်ခဲ့ ရကာ အဆိုပါ ကားကတော့ ပထမ တစ်ခေါက် မြင်ခဲ့ရတဲ့ Atlas Tanoak ထက် ပိုသေးပြီး MQB Platform ပေါ်မှာ ဖန်တီးထားတာခြင်း ကတော့ အတူတူပဲ ဖြစ်ပါ တယ်။

Photo Credit: MotorAuthority

တကယ်လို့ အမေရိက ဈေးကွက်အတွက် တကယ်ပဲ VW တို့ လျှပ်စစ် Pickup ကားထုတ်ဖြစ်မယ်ဆိုရင် ပြည်ပက တင်သွင်းတဲ့ ကားတွေ ရဲ့ ၂၅ % အခွန်ကို ရှောင်ရှားဖို့ အတွက် အမေရိက မှာပဲ သေချာပေါက် ထုတ်ရဖို့ ရှိပါတယ်။ လက်ရှိ မှာတော့ ကုမ္ပဏီရဲ့ စက်ရုံ အသစ်ကလည်း ဖြစ်နိုင်ချေရှိနေပါတယ်။ လက်ရှိ စက်ရုံကတော့ Tennessee ပြည်နယ်ထဲက Chattanooga မှာ တည်ရှိတာဖြစ်ပြီး ID.4 Crossover ကား သေးတွေကို ထုတ်လုပ်ပေးနေကာ နောက်ပိုင်းမှာလည်း နောက်ထပ် လျှပ်စစ်ကားသစ်တွေ ထုတ်လုပ်ဖို့ ရှိနေပါသေးတယ်။ တကယ်တော့ အမေရိက ဈေးကွက်ပြင်ပမှာ VW တို့ရဲ့ သာမန် Internal Combustion Engine သုံးထားတဲ့ Pickup ကားတွေ အများကြီး ရှိနေပြီး Ford Ranger ရဲ့ T6 Platform နဲ့ ဒီဇိုင်း ပြန် လည် ဆန်းသစ်ပေးလာမယ့် Amarok Mid-Size Truck လည်း ပါဝင် ပါသေးတယ်။

Ref: MotorAuthority