Volkswagen ရဲ့ မိသားစုစီး ၊ လုပ်ငန်းသုံး လျှပ်စစ်ကားလေး ID.Buzz ကိုတော့ အခုနှစ် ဇွန်လကတည်းက စတင် ထုတ်လုပ်နေပါပြီ။ ဝယ်လိုအားတွေလည်း အတော်လေးများပြားတဲ့ အဆိုပါ ကားလေးကတော့ ရောင်းအားတွေ တက်တာအပြင် သာမန် ကားတစ်စီး ထက်ပိုတဲ့ အသုံး ပြုမှုတွေကိုလည်း ပိုပိုပြီးမြင်လာရတာ ဖြစ်ပါတယ်။ ID.Buzz ရဲ့ Platform ကိုက Van ကိုမှ အမျိုးမျိုးပြောင်းလဲနိုင်တဲ့ပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဂျာမနီ နိုင်ငံ ၊ ဟန်နိုဗာမှာ ကျင်းပနေတဲ့ IAA Transportation Show 2022 မှာတော့ ID.Buzz ပေါ် အခြေခံ ထားတဲ့ အမျိုးမျိုးသော လုပ်ငန်းသုံး ယာဉ်တွေကို ချပြလာခဲ့ကြပါတယ်။

Photo Credit: motor 1.com

အဆိုပါပွဲမှာ Volkswagen အနေနဲ့ ကားပေါင်း ၃၀ ကျော် လောက်အထိကို ပြသသွားဖို့ ရှိနေခဲ့ပြီး အဆိုပါ ကားတွေထဲကမှ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ID.Buzz Paramedic Bus လို့ အမည်ရတဲ့ ဆေးရုံ ကားလေး ပါပဲ။ အရေးပေါ် လိုအပ်မယ့် ပစ္စည်းအစုံအလင်အပြင် သဘာဝပတ်ဝန်းကျင်နဲ့ပါ ကိုက်ညီတဲ့ အခု ကားလေးကိုတော့ ဂျာမနီ ရဲ့ Superstructure Manufacturer ထုတ်လုပ်သူဖြစ်တဲ့ Bosenberg ကုမ္ပဏီ နဲ့ ပူးပေါင်းဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ကားအတွင်းခန်း Board ပေါ်မှာ ဘယ်လိုပစ္စည်းတွေ ထည့်ပေးထားလဲဆိုတဲ့ အသေးစိတ် အချက် အလက်တွေကို မသိရသေးပေမယ့်လည်း အပြင်ဘက်က ကြည့်လိုက်တာ နဲ့တင် ID.Buzz ဖြစ်တယ် ဆိုတာကတော့ သိသာ နေပါတယ်။ ဒါပေမယ့် ပိုပြီးသိသာတာကတော့ ဆေးရုံ ကားတစ်စီးဆိုတဲ့ အမိုးပေါ်က မီးရောင်နဲ့ နှလုံးခုန်နှုန်း သင်္ကေတပုံလေးတွေပါပဲ။

Photo Credit: motor 1.com

အခု ပွဲကြီးထဲ Volkswagenတို့ ချပြဖို့ စီစဉ်ထားသေးတဲ့ နောက်ကားတစ်စီးကတော့ Ford Ranger နဲ့ Platform ၊ နည်းပညာတူတွေအဖြစ် ဖန်တီးထားတဲ့ All-New Amarok ကားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Snoeks ဆိုတဲ့ နယ်သာလန် ကုမ္ပဏီ တစ်ခုကနေ ဖန်တီးထားတဲ့ ခရီးသည်ရော ပစ္စည်းပါ တစ်ပါတည်းတင်လို့ရမယ့် ဘက်စုံသုံး ကား တစ်စီးကိုလည်း မြင်ရဖို့ရှိပါတယ်။ ဂျာမနီ ကုမ္ပဏီ Kogel/Flexmo ကနေ ဖန်တီးထား မယ့် E-Bike Workshop ကိုလည်း Volkswagen ရဲ့ ထုတ်ကုန်အတော်များများအကြားမှာ ရောပြီးမြင်ရဖို့ ရှိနေပါသေးတယ်။ Volkswagen ကတော့ အသစ်ထွက်လာဦးမယ့် ID.Buzz GTX အပါအဝင် နောက်ထပ် စိတ်လှုပ်ရှားစရာ Version အသစ်တွေနဲ့လည်း ID.Buzz Lineup ကို ထပ်ချဲ့ဖို့ ကြိုးစား နေပါတယ်။ အဆိုပါ မိသားစုစီး ကားလေးမှာ ဆိုရင်တော့ လျှပ်စစ်မော်တာ ၂ လုံး တပ်ဆင်ထားပြီး ID.4 GTX နဲ့ ID.5 GTX တို့လောက် အထိ စွမ်းဆောင် ရည်ရှိလာနိုင်ပါတယ်။ အခု အချက်အလက် တွေအတိုင်းသာ ဆိုရင်တော့ အဆိုပါ ID.Buzz GTX ကားသစ်လေးမှာ ဆိုရင် 295 hp နဲ့ 338 lb-ft Torque အထိ စွမ်းဆောင်လာနိုင်ကာ Four-Wheel Drive စနစ်လည်း ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: motor 1.com