အခု ကာလကတော့ ကား ကုမ္ပဏီ အတော် များများရဲ့ ပထမ ၃ လပတ် ရောင်းအားတွေ ချပြတွက်ချက် နေတဲ့ အချိန် ရောက်လာပြီ ဖြစ်ပါတယ်။ အခု ဆိုရင်လည်း နာမည်ကြီး Volkswagen တို့ရဲ့ ရောင်းအားတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ တစ်ချို့အပိုင်းတွေမှာ ကုမ္ပဏီရဲ့ရောင်းအားက သိသိသာသာကို မြင့်တက်လာတာ တွေလည်း ရှိနေပါတယ်။ အထူးသဖြင့် လျှပ်စစ်ကား ရောင်းအားပိုင်းမှာ အကျိုးအမြတ်တွေရနေတာ ဖြစ်ပါ တယ်။ ဒါပေမယ့် လျှပ်စစ်ကား ဈေးကွက်ဆိုတာ လာမယ့် အနာဂါတ် မှာတော့ ပြိုင်ဆိုင်မှုအသစ်အသစ်တွေ နဲ့ အတူ စိန်ခေါ်မှုတွေကလည်း ပြည့်နှက် နေမယ်ဆိုတာသေချာပါတယ်။ လက်ရှိကာလတူ မနှစ်က အချိန်နဲ့ ယှဉ်မယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ လုပ်ငန်း လည်ပတ်နိုင်မှု အကျိုးအမြတ်တွေဟာ ဒေါ်လာ ၅၁၅ သန်းကနေ အခုနှစ်မှာ ဒေါ်လာ ၅၃၉ သန်း ထိကို တိုးတက်သွားဝာာပါ။ ဒါပေမယ့် ကားသစ်ပို့ဆောင် ပေးနိုင်မှုတွေမှာ တော့ ၂၀၂၁ ရဲ့ ပထမ ၃ လပတ်နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၁၅.၇ မီလီယံ ကနေ ကျဆင်းလာခဲ့ပါတယ်။ အထူးသဖြင့် ကားသစ်အစီးရေ ၁ သန်းလောက်ပဲ ပို့ဆောင် ထားနိုင်ခဲ့သေးတာကြောင့် ၂၀၂၁ ရဲ့ ၁.၃၆ သန်း ပမာဏနဲ့ ဆိုရင်တော့ ကျဆင်းသွားတာပါ။ ကုမ္ပဏီဘက်ကတော့ ကုန်ကြမ်း ပစ္စည်းပိုင်းတွေနဲ့ ၊ ကမ္ဘာ့အနှံ့ က စစ်ပွဲတွေကြောင့် ဖြစ်တယ်လို့ အကြောင်းပြထားပြီး အခြားသော အကြောင်း ပြချက်တွေကလည်း အစီ အရီ ရှိလို့ နေပြန်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် လျှပ်စစ်ကား အပိုင်းမှာတော့ အခု ပထမ ၃ လ မှာတင်ပဲ အစီး ရေ ၅၃,၄၀၀ အထိ ရှိခဲ့တာကြောင့် ၂၀၂၁ ကနဲ့ ယှဉ်ရင် ၇၄% အထိကို မြင့်တက်လာတာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဆိုပါ ရောင်းအား ရဲ့ တစ်ဝက်ကျော်လောက်က ID.4 ကားသစ်လေးဆီက ရလာတာဖြစ်ပြီး စုစုပေါင်း ၃၀,၃၀၀ အထိကိုရှိခဲ့ ပါတယ်။အဆိုပါ လျှပ်စစ် SUV ကားသစ် ကတော့ VW အတွက် တကယ်ကို အောင်မြင်ခဲ့ရတဲ့ ကားလေး ဖြစ်ခဲ့တဲ့အပြင် အခု ဆိုရင်လည်း OTA Update အသစ်တွေနဲ့အတူ ပိုကောင်းအောင်ပါ အဆင့်မြှင့်တင် ပေး ထားလိုက်ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း ကုမ္ပဏီအနေနဲ့ ပထမ ၃ လတာ ကာလအတွင်းမှာ တစ်ချို့သော ကားတွေကို ရအောင် ရှင်းထုတ်ရောင်းချ ပေးထားနိုင်တာတောင်မှ ဥရောပ ဈေးကွက်ထဲမှာ သမိုင်းဝင် မှတ်တမ်းအဖြစ် ကား အစီးရေ ပေါင်း ၆၇၀,၀၀၀ အထိက ပိုင်ရှင်တွေဆီ ပို့ဆောင်ဖို့ ကျန်နေသေးတာ ဖြစ်ပါ တယ်။ ကုမ္ပဏီ ရဲ့ အစောပိုင်း ပြောကြားချက်တွေအရ ဆိုရင် တော့ သူတို့ဆီကို ရောက်လာတဲ့ ကားသစ် အမှာစာတွေဟာ လာမယ့် ၂၀၂၃ အထိကို ပြည့်နေပြီလို့ သိရပါတယ်။ အခု မေလ အစမှာပဲ VW အနေနဲ့ ID.4 ထုတ်လုပ်ဖို့ Assembly Line အသစ်တွေကို ဂျာမနီ နိုင်ငံ  Emden မှာ တိုးချဲ့ခဲ့ပြီး အခုနှစ် နှောင်းပိုင်း လောက်ရောက်ရင်လည်း Chattanooga စက်ရုံမှာ အခုကားသစ်တွေကို တိုးချဲ့ထုတ်လုပ်ပေးသွား ဦးမှာပါ။

Photo Credit: CARBUZZ

ဈေးကွက် လိုအပ်ချက် မြင့်မားနေရုံတင်မကပဲ သူတို့ရဲ့ ကုန်ကျစရိတ်‌ကိုလည်း ကောင်းကောင်း ချွေတာနိုင် ဖို့ VW တို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံထဲ ကို ရုရှား တို့ရဲ့ ကျူးကျော်စစ် စတင်တာတွေရယ် တရုတ်မှာတစ်ကျော့ ပြန် ဖြစ်ပွားနေတဲ့ ကမ္ဘာ့ ကပ်ရောဂါတွေရယ်ကြောင့် အထိ နာခဲ့ရတဲ့ တစ်ချို့သော ကုန်ကျစရိတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ အဓိက ရည်ရွယ်ပုံလည်းရပါတယ်။ အခုလို ကုန်ကျစရိတ် တွေကို လျှော့ချပြီး ထုတ်လုပ်မှု အရည် အသွေးကို မြှင့်တင်တာမျိုးမှာ အခုလို နိုင်ငံတကာ ပြဿနာပေါင်းစုံ ရဲ့ ရိုက်ခတ်မှုတွေ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိလာ ပါလိမ့်မယ်လို့ ဆိုထားပါတယ်။ တစ်ချို့သော အခြေအနေ‌ တွေကြောင့် အခုလို စီစဉ်နေရတာတွေရဲ့ ရလဒ်ပိုင်း ကလည်း ယူကရိန်းအရေး ဘယ်လို ဆက်ဖြစ်မယ် ဆိုတာရယ်နဲ့ ကုမ္ပဏီ အပေါ် ဘယ်လို ရိုက်ခတ်လာမလဲ ဆိုတာ တွေ အပေါ်လည်း ကောင်းကောင်း မူတည် လို့ နေပြန်တာပါ။ ကုမ္ပဏီ အနေနဲ့ကတော့ လာမယ့် ၂၀၂၆ အရောက်မှာ စုစုပေါင်း ရောင်းအား ရဲ့ ၂၅ % ကို လျှပ်စစ်ကားတွေ ဖြစ်ဖို့ ကြံစည်ထားတာ ဖြစ်ပြီး အခုဆိုရင်ပဲ ၅ % ကနေ ၆ % လောက် အထိ သိသိသာသာ တိုးတက်လာခဲ့ပါပြီ။ အခုလို ရည်မှန်းထားတဲ့အခြေအနေတွေကို ရောက်ဖို့ဆိုရင်တော့ VW အနေနဲ့အား သွင်း ကွန်ရက် အသစ်တွေ ၊ အခြေခံ လိုအပ်ချက် တွေနဲ့ ထုတ်လုပ်ရေးပိုင်းတွေ အတွက်ကိုပါ ရင်းနှီး မြုပ်နှံ ကာ ဖြည့်ဆည်းရဦးမှာ ဖြစ်ပါတယ်။ ဒီ့အတွက်လည်း မြောက်အမေရိက ဒေသ မှာ ဒေါ်လာ ၇.၁ ဘီလီယံ အထိ ရင်းနှီးဖို့ ရည်မှန်းထားပြီး ဒီကနေမှ တစ်ဆင့် လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ်ကားသစ် ၂၅ မျိုး အထိ ကိုမိတ်ဆက် ပေးသွားမယ်လို့ သိရပါတယ်။

Ref: carbuzz.com