Volkswagen ရဲ့ လျှပ်စစ်ကားတွေ အတွက် သီးသန့် Modular MEB Platform ကို စသုံး ခဲ့တဲ့ ID.3 ကားကို မြင်ခဲ့ရတာ ၃ နှစ်လောက် အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အချိန်တွေ ကြာပြီလို့ ပြောလို့ရနိုင်ပေမယ့်လည်း နောက်ထပ် ပိုကောင်းတဲ့ Facelifted Version အသစ်ထုတ်ပေးဖို့ အတွက်တော့ အချိန်ကောင်းတစ်ရပ်အဖြစ် ရှိနေသေးတယ်လို့ ဆိုလို့ ရပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားကို အသစ်ထုတ်ပေးမယ်ဆိုရင် ပိုကောင်းပိုသိသာတဲ့ တိုးတက်မှုတွေနဲ့ စနစ် တွေ ကိုယ်ထည်ပိုင်း စက်ပိုင်းဆိုင်ရာတွေ ပါဝင်လာမယ်ဆိုတာ သေချာနေပါပြီ။ ဒါပေမယ့်လည်း ID.3 နဲ့ ပတ်သက်လာရင် Volkswagen ဆီက မျှော်လင့်လို့ရတာက Facelifted Version အသစ်တစ်မျိုးတည်းတင် မဟုတ် တော့ပဲ SUV ဆိုတဲ့ ကိုယ်ထည်အမြင့် ကားကိုလည်း မျှော်လင့်လို့ ရနိုင်သေးတာပါ။ အခုဆိုရင်တော့ Motor ကနေ ဖန်တီး ကြည့်ထားတဲ့ အဆိုပါ SUV ကားသစ်မျိုးကွဲရဲ့ ဒီဂျစ်တယ်ပုံရိပ် ကြမ်းတွေကို မြင်တွေ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

သေချာတာကတော့ အခုပုံကြမ်းမှာ မူလ အတိုင်းပဲ ID.3 ရဲ့  Lines တွေနဲ့ အခြားအစိတ်အပိုင်းတွေ သေချာ ထည့်ပေးထားတာ တွေ့ရမှာပါ။ ဒါပေမယ့် ပိုပြီး လက်တွေ့ကျတဲ့ ကားမော်ဒယ်တစ်ရပ် အနေနဲ့ကတော့ ဘီးဖုံးတွေ ‌နားမှာ ပလတ်စတစ် Cladding တွေ ထပ်ထည့်ပေးလာပြီး ဘန်ဘာပေါ်မှာလည်း အလားတူ ဖန်တီးကြည့်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သိသိသာသာ ထူးခြားနေမှာကတော့ မြေပြင်ကနေ ကင်းလွတ် နေတဲ့ ကားရဲ့ အမြင့် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ID.3 SUV ကို နာမည်တိတိကျကျ မပေးရသေးပေမယ့် VW ရဲ့ Boss ဖြစ်သူ Thomas Schaefer ကိုယ်တိုင်က လာမယ့်နှစ် အနည်းငယ်အတွင်း အမှန်တကယ် ထွက်ပေါ်လာမှာဖြစ်တယ်လို့ အတည်ပြု ပေးထားပြီးပါပြီ။ ဒါ့အပြင် အဆိုပါကား ထွက်လာမယ့် အချိန်ဆိုရင်တော့ လာမယ့် ၂၀၂၆ မှာ ထွက်လာမယ့် အခြား သော လျှပ်စစ်ကား ၉ မျိုးနဲ့အတူတူ ဖြစ်လာလိမ့်မယ်လို့ လည်း ယူဆရပါတယ်။

Photo Credit: motor 1.com

လတ်တလော ID.3 ရဲ့ အောက်မှာ ထွက်လာဖို့ တာဆူနေကြတာကတော့ ID.1 နဲ့ ID.2 ဆိုတဲ့ Entry-Level Model တွေ ပါပဲ။ အဆိုပါ ကား ၂ မျိုး ကတော့ Hatchback နဲ့ Crossover တွေ ဖြစ်နိုင်ပြီး တကယ်လို့ အခု ပုံကြမ်းထဲက ID.3 SUV သာ ပွဲထွက်လာဖြစ်မယ်ဆိုရင် ID.2 ရဲ့ အထက်မှာ ရပ်တည်လာမယ့် ကားဖြစ်လာနိုင်ပါတယ်။ အခုပုံထဲက ကားပုံစံကလည်း အတည်မဖြစ်သေးသလို တကယ်လို့ ထွက်ပေါ်လာမယ် ဆိုရင်လည်း အမေရိကဈေးကွက် ဒါမှမဟုတ် ဘယ်ဈေးကွက်ထဲ အရင်စရောက်မယ် ဆိုတာလည်း စောင့်ကြည့်ရမယ့် အဆင့်ပဲ ရှိပါသေးတယ်။ သေချာတာတစ်ခုကတော့ လာမယ့် ၂၀၃၃ ကစလို့ ဥရောပ ဈေးကွက် ထဲမှာ Volkswagen တို့က လျှပ်စစ်သီးသန့်ကားကုမ္ပဏီပဲ ဖြစ်လာတော့မှာပါ။

Ref: motor 1.com