Volkswagen တို့ ကတော့ ဒီဇိုင်း နည်းပညာပိုင်းမှာ အသစ်အဆန်း ခေတ်လွန် ဖြစ်စေမယ့် နည်းလမ်းတစ်ခု ကို ရှာ ဖွေတီထွင် ထားခဲ့ပြီး လောလောဆယ်တော့ Projector Lights လို့ အမည်ပေးထားပါတယ်။ အဆိုပါ စနစ် ကတော့ ကားရဲ့ဘက်မှန်တွေမှာ အဆိုပါ မီးလုံးလေးတွေကို မြုပ်ထားတာဖြစ်ပြီး ကားရဲ့ နာမည် ဒါမှ မဟုတ် Logo ကို လမ်းမှာ မီးထိုးပြီး ဖော်ပြတဲ့ပုံစံနဲ့ အချက်ပြတာကို အဆန်းထွင် ထားတာပါ။ ရုတ်တရတ် ကြည့်လိုက်ရင်တော့ ဒါက ဘာမှအသုံးမဝင်ဘူး ထင်ရနိုင်ပေမယ့် မှောင်မည်းလို့ အလင်းရောင် မရနိုင်မယ့် နေရာမှာ ဆိုရင်တော့ ‌ကားပေါ်က ဆင်းဆင်းချင်း ဗွက်အိုင်တွေဘာတွေ နင်းမိမှာမျိုးကိုတော့ ရှောင်ရှားလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အခု စနစ်နဲ့ နောက်တစ်ဆင့် ပိုလန်းတဲ့ တီထွင်မှုကတော့ အခုမှ Volkswagen က ကြိုးစားနေတာဖြစ်ပြီး ကားရဲ့ အရှေ့ဖက်စက်ဖုံးပေါ်မှာ အဆိုပါ Logo ပုံရိပ်တွေကို ပေါ်အောင် လုပ်ထားမှာ ပါ။ ဒါပေမယ့် အခု စနစ်မှာ ထူးခြားတာတစ်ခု ကတော့ ကားကမောင်းနေရင်း စက်ပူလာတာ နဲ့အမျှ အဆိုပါ Logo လေးကလည်း တဖြည်းဖြည်း ထင်ရှားလာမှာပဲ ဖြစ်ပါတယ်။ အိုင်ဒီယာကတော့ မဆိုးဘူးလို့ ဆိုနိုင်ပေ မယ့် Ford ရဲ့ Hologram တွေ စိတ်ကြိုက် ဖန်တီးနိုင်မယ့် Function လောက်တော့ မမိုက်သေးပါဘူး။

Photo Credit: CARBUZZ

ဂျာမနီ ရဲ့ မူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင်လာတဲ့ အဆိုပါ စနစ်မှာ ဆိုရင်တော့ Volkswagen တို့က ကားစက်ဖုံးမှာ မျက်နှာ ပြင် အပြားသုံးမှာဖြစ်ပြီး ၊ အပူခံ ကိရိယာတွေလည်း တပ်ဆင်ထားမှာပါ။ အဆိုပါ မျက်နှာပြင်ပေါ် က ကိရိယာ ကိုလည်း စက်ဖုံးတစ်ဖက် တစ်ချက်စီမှာ တပ်ဆင်ထားမှာ ဖြစ်ပြီး အပူချိန်ကတော့ ကားရဲ့ အင်ဂျင်ကနေ လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင် ရဲ့အပူချိန် ၊ ကားရဲ့ အတွင်းပိုင်း အပူချိန် တွေရှိ‌ရင် ရှိသလောက် အဆိုပါ စက်ဖုံးက Logo လေးတွေက ပေါ်နေမှာပါ။ အဆိုပါ ပစ္စည်းလေးမှာတော့ အပူနဲ့တွေ့မှ ပေါ်နိုင်မယ့် အရောင်သုတ်ဆေး တစ်ခုကို သီးသန့် သုံးရမှာ ဖြစ်ပါတယ်။ ဆေးသုတ်ရတာကတော့ ပုံမှန် အတိုင်းပဲ ဖြစ်ပေမယ့် အင်ဂျင်စက်ဖုံး ၊ ကား အမိုးနဲ့ ဘေးဘက် တွေ‌မှာပဲ နေရာမှန်မှန် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ ပုံမှန်အားဖြင့်တော့ စက်ဖုံးတစ်ခုတည်းအတွက် မဟုတ်ပဲ ကားရဲ့မျက်နှာပြင်အပြား ဘယ်နေရမှာ မဆို  သုံးလို့ရမယ်လို့ မှတ်ယူလို့ ရပါတယ်။ အခု နည်းပညာ နမူနာ အရတော့ သာမန် ကားအင်ဂျင်တွေရဲ့ အပူချိန်ရမှာ ဖြစ်တာကြောင့် ရေရှည်မှာ ခရီးသည်တင်ကားတွေ ထက် စီးပွားရေးလုပ်ငန်းသုံး ကားတွေ အတွက်သာ ပိုရည်ရွယ် လာပုံရပါတယ်။

Photo Credit: CARBUZZ

အခုလို ခပ်ဆန်းဆန်း ဒီဇိုင်းနည်းပညာ တစ်မျိုးကို ဘာကြောင့်များ တီထွင်ရသလဲ ဆိုတာ စဉ်းစားစရာ ‌ဖြစ် နေပေမယ့် နမူနာ မူပိုင်ခွင့်ထဲမှာ ဆိုရင်တော့ အဆိုပါ နည်းပညာနဲ့အတူ ကားရဲ့ Logo တင်မကပဲ ၊ ကားရဲ့ မော်ဒယ်၊ ယာဉ်ရဲ့ အချက်အလက် တစ်ချို့ ၊ Graphic Design ပုံစံတွေနဲ့ အခြားကြော်ငြာ အချက်အလက် တွေကိုလည်း သုံးနိုင်မယ်လို့ သိထား ရပါတယ်။ ဒါကြောင့် သေချာတာကတော့ စက်ဖုံးတင်မကပဲ ကားရဲ့ မျက်နှာပြင်အပြားတိုင်းကို ကြော်ငြာ ဆိုင်းဘုတ်အဖြစ် ပြောင်းပေး လိုက်နိုင်သလိုပါပဲ။ ဒါ့အပြင် မူပိုင်ခွင့် အချက်အလက်တွေထဲမှာ ရာသီဥတု အေးခဲ နေတဲ့ အချိန်မှာ ဖြစ်နိုင်တဲ့ အခုနည်းပညာရဲ့ အခြေအနေကိုပါ ဖော်ပြထားပြီး စက်ထဲရှိသေးတဲ့ တကူးတက သိမ်းဆည်း ထားတဲ့ အပူငွေ့လေးနဲ့တင် မြင်ရလိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့် နှင်းတွေ ထူထူထဲထဲ ကျနေတဲ့ ကာလမျိုးမှာ ကားတစ်စီးလုံး နှင်းဖုံးနေရင် တောင်မှ အဆိုပါ နည်းပညာနဲ့အတူ ကားရဲ့ Logo တွေ အခြားသော ကြော်ငြာတွေက ကားပေါ်မှာ ပေါ်နေတော့မှာပဲ ဖြစ်ပါတယ်။ အဆိုးဘက်က တွေးကြည့်ရင်တော့ ကြိုက်တဲ့ ပုံစံကို ပြောင်းပြီး ရဲတွေကို လှည့်စားလို့ရနေလို့ လုံခြုံရေးပိုင်း အတွက် တကယ်မလွယ်တဲ့ နည်းပညာလို့ မြင်ကောင်းမြင်မိ နိုင်ပါတယ်။ ဒါပေမယ့်လည်း အကောင်းဘက်က ကြည့်ပြန်တော့ စီးပွားရေး လုပ်ငန်းတွေ အတွက် Logo တွေ Brand နာမည်တွေ ကို ထင်ထင်ရှားရှား ကြော်ငြာပေးလို့ ရနိုင်နေတာ ဖြစ်ပါတယ်။ နမူနာအနေနဲ့ မကြာခင် ထွက်လာတော့မယ့် Volkswagen ရဲ့ ID.Van ကားမျိုးမှာ ဆိုရင် ပိုကောင်းတဲ့ ကြော်ငြာတွေကို အခုနည်းနဲ့ ဖန်တီး နိုင်ပါလိမ့် မယ်။

Ref: carbuzz.com