Volkswagen Arteon ကားသစ် အနေနဲ့ IIHS က သတ်မှတ်တဲ့ လုံခြုံရေး ပိုင်းဆိုင်ရာ အဆင့်အမြင့်ဆုံးဆု ကို ရခဲ့ပြီ ဖြစ်တယ်လို့ Volkswagen တို့က ဒီနေ့ပဲ တရားဝင် ကြေညာခဲ့ပါတယ်။ IIHS ကတော့ အခု ကား တစ်စီးရဲ့ ခံနိုင်ရည် စမ်းသပ် မှုကို ယာဉ်တိုက်မှု စုစုပေါင်း ပုံစံ ၆ မျိုး နဲ့ အတူ စစ်ဆေးပြီးမှ ရလဒ်ထုတ်ပြန် တာ ဖြစ်ပြီး Arteon ကတော့ ကားရဲ့ LED Headlight တွေမှာကအစ လက်ခံလို့ ရတဲ့ အဆင့်ထက် လုံးဝ မနိမ့်ခဲ့တာကို တွေ့ရပါတယ်။ ထူးခြားတာ ကတော့ ကားက အဆိုပါ စမ်းသပ်စစ်ဆေးမှု ၆ ခု စလုံးမှာ အဆင့် သတ်မှတ်ချက် ကောင်းတွေကို ချည်းရခဲ့တာ ဖြစ်ပါတယ်။ အခု သတ်မှတ်ချက်တွေ စမ်းသပ်ရာမှာတော့ နောက်ထပ် Segment တစ်ခုထဲက Kia Stinger လည်း ဝင်ရောက် စမ်းသပ်ခံခဲ့ သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ရုပ်ထွက်လေးတင်လှနေတာမဟုတ်ပဲတကယ်ကို အကြမ်းခံ စိတ်ချရတယ် ဆိုတဲ့ ကားမျိုးက ဘာလဲဆိုတာကိုတော့ Arteon ကပဲ ပြသသွားတာပါ။

Photo Credit: CARBUZZ

အခုလိုမျိုး ရလဒ်ကောင်းတွေ ရခဲ့တာ အတွက်လည်း ကားမှာ ပါဝင်ထားတဲ့ လုံခြုံရေးစနစ်တွေကို Volkswagen တို့က အဓိက ချီးကျူးထားပါတယ်။ Brand ရဲ့ Front Assist System ဟာဆိုရင် IIHS ရဲ့ ယာဉ်အချင်းချင်း တိုက်မိတာကို ကာကွယ်တဲ့ စမ်းသပ်ချက်မှာ အမြင့်ဆုံးအဆင့်အထိကို ရခဲ့တာပါ။ ဒါ့အပြင် ယာဉ် နဲ့ လမ်းသွားလမ်းလာတို့အကြား ယာဉ်တိုက် မိနိုင်ခြေကို စမ်းသပ်ရာမှာလည်း ရလဒ်က‌ အတော်လေး ကောင်းခဲ့ပါတယ်။‌ ဒါကြောင့် သင်က အခု Arteon ကားလေးကိုသာ ပိုင်ဆိုင်ထားမယ် ဆိုရင် ဘယ်သွားသွား အသေးအဖွဲမတော်တဆမှုမျိုး လောက်ကတော့ တော်ရုံ သူ့အလိုလို ရှောင်ပေးသွားနိုင်မှာ သေချာပါတယ်။ အခုလိုမျိုး အရှေ့ဘက်က ယာဉ်တိုက်မှုတွေကို ကြိုတင် ရှောင်ရှားသတိ ပေးနိုင်မယ့် စနစ်ကတော့ ယာဉ် မောင်းတွေ ဆီကို အကြားအာရုံ အနေနဲ့ရော အမြင်ပိုင်းအရပါ သတိပေးနိုင်မှာပါ။ IIHS ကိုယ်တိုင် ကလည်း ကားတွေမှာပါလာတဲ့ လုံခြုံရေးစနစ်တွေကို နာမည်နဲ့ လိုက်ဖက်အောင် တကယ် လုံလုံခြုံခြုံ ဖြစ်စေဖို့ သတ် မှတ်ထားပြီး နောက်ပိုင်း အခု VW က တကယ် ကောင်းမွန်ခဲ့တာပါ။ ပိုကောင်းပြီး ထူးခြားတာ ကတော့ အရေးတကြီး အခြေအနေတွေမှာ ကိုယ်က ဘရိတ်နင်းလိုက်တာ မသေချာ မထိမိရင်တောင်မှ ယာဉ်ရဲ့ အလို အလျောက် စနစ်ကနေ အန္တရာယ်ကင်းစေမယ့် အထိ ဘရိတ်နင်းပေးထားမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့်လည်း အခုလိုမျိုး စနစ်တွေကတော့ အခုနောက်ပိုင်း အဆင့်မြင့် ကားသစ် အတော်များများမှာ ပါဝင်လာပြီး ဖြစ်တာကြောင့် အားသာချက် တစ်ရပ် ဖြစ်မနေတော့ပါဘူး။ ဒါပေမယ့် အရေးကြီးပြီး ဆွဲဆောင် မှုတစ်ရပ် ဖြစ်နေတာ ‌ကတော့ Adaptive Cruise Control စနစ်လိုမျိုး အဆင့်မြင့် လုံခြုံရေးစနစ်တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ VW အနေနဲ့ သူတို့ရဲ့  Passat ကားလေးကိုလည်း ရောင်းအား ကျဆင်းလာလို့ ရပ် တန့်လိုက်ရပြီ ဖြစ်ပြီး အခု Arteon ရဲ့ အနာဂါတ် ကရော ဘယ်လို ဖြစ်လာဦးမလဲဆိုတာ မသေချာ သေးတာ ပါပဲ။ အမေရိက ဈေးကွက်မှာ ဆိုရင်လည်း အခုဆို Sedan တွေရဲ့ ရောင်းအားက ကျဆင်းလာနေလို့ပဲ ဖြစ်ပါ တယ်။ လက်ရှိ မှာတော့ အခုလိုမျိုး ဇိမ်ခံအရသာတွေနဲ့ ကား တစ်စီး ကို ဈေးသက်သက်သာသာ Package မှာတင် အဆင့်မြင့်ဆုံး စိတ်ချရတဲ့ လုံခြုံရေး စနစ်တွေ ပါဝင်လာမှာ ဖြစ်တာ ကြောင့် ဝယ်လို့ ကောင်းတဲ့ ကားတစ်စီး ဖြစ်နေဆဲပါ။ ကားရဲ့ MSRP အရတော့ ဈေးနှုန်းက $ 40,750 ကနေ စတင် ကျသင့်တာ ဖြစ်ပြီး အဆင့်မြင့်ဆုံး SE R-Line Model ဆိုရင် VW ရဲ့ 4Motion All-Wheel Drive စနစ်ပါ ပါဝင် နေတာ ဖြစ် ပါတယ်။ လက်ရှိ အချိန်အထိတော့ အဆိုပါ ကားရဲ့ Wagon Version ကို အမေရိက ဈေးကွက်ထဲ မရနိုင် သေးပဲ လုံခြုံရေး ပိုင်းဆိုင်ရာ အဆင့်မြင့်ဆုံး ဆုတွေရနိုင်ခဲ့တာကလည်း ဘယ်လောက်အထိ အကျိုးပြုနိုင် မလဲ စောင့်ကြည့်ရမှာပါ။

Ref: carbuzz.com