မျိုးဆက်သစ် ကားအသစ် တစ်စီးအဖြစ် ပြောင်းလဲထွက်ပေါ်လာမယ့် Volkswagen Amarok ကားကတော့ Ford Ranger ရဲ့ Platform ကိုပဲ အတူတူ အသုံးပြုပြီး ဖန်တီးထားမှာ ဖြစ်တာကြောင့် တွဲဖက်ကားတွေဖြစ်လာတော့မှာ ပါ။ အခုလိုမျိုး အင်အားကြီး ကားကုမ္ပဏီနှစ်ခု အကြား ပူးပေါင်းထားခြင်းက တကယ်ကို မဟာဗျူဟာကျတဲ့ အစီအစဉ်တွေပဲ ဖြစ်ပြီး ဥရောပရဲ့ Volkswagen Caddy နဲ့ Ford Tourneo ကားတွေမှာ ဆိုရင်လည်း အခုလိုပဲ အစိတ် အပိုင်းတွေ မျှဝေ သုံးစွဲဦးမှာဖြစ်ပါတယ်။ အခု Volkswagen Amarok ရဲ့ အစောပိုင်း မြင်တွေ့ ရသလောက်တွေကို ကြည့်မယ် ဆိုရင်တော့ အတော်လေးထုနဲ့ထည်နဲ့ ရှိလှတဲ့ ကားတစ်စီးအဖြစ် ပုံကြမ်းဖော်ထားနိုင်ပြီး အရှေ့ဘက် ဒီဇိုင်း ကလည်း အတော်လေးတော့ အကြမ်းပတမ်းနဲ့ လေးလေးနက်နက် ရှိပုံပေါက်လို့ နေပါတယ်။ နောက်ပိုင်း ဒီဇိုင်း ပုံကြမ်းတွေမှာ ဆိုရင်တော့ LED Light Bar တွေက ခပ်ပါးပါးဖြစ်လာပြီး ငွေရောင်လေး‌တွေနဲ့အတူ Grille တစ်လျှောက် အနားသတ် ထားတာလည်း တွေ့ရပါတယ်။ အနက်ရောင် Trim ကတော့ အဆိုပါ Light ရဲ့ အောက်မှာ ဆက်ပါဝင်လာပြီး ကားရဲ့ ဘေးဘက် ဘန်ဘာတွေကတော့ ကိုယ်ထည်နဲ့အတူ အပြာရောင်တွေကိုပဲ သုံး ပေးထားတာကြောင့် ကြည့်လိုက်တာနဲ့တင် တောင့်တောင့်တင်းတင်း ဆိုတာ သိသာပါတယ်။

Photo Credit: CARBUZZ

အခု ဆိုရင်တော့ အဆိုပါ ကားအသစ် ဘယ်လိုပုံစံ ဖြစ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားနေသူတွေအဖို့ ပိုပြီး စိတ်လှုပ်ရှားရအောင် ဒီဂျစ်တယ် ပုံကြမ်းတစ်ချို့လည်း ထပ်ပြီးထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ပုံကြမ်းအရ ကြည့်ရမယ် ဆိုရင်တော့ ပထမထွက်ခဲ့တဲ့ ပုံတွေ အပေါ်မှာပဲ အများစု ကို အခြေခံလာခဲ့ပြီး နောက်ဆုံး ထွက်ပေါ်လာမယ့် ကား ဒီဇိုင်းမှာ ဆိုရင်တော့ အပြောင်းအလဲတွေက များလာလိမ့်ဦးမယ်လို့ ယူဆရပါ တယ်။ ပထမပုံကြမ်း တုန်းကတော့ ကားရဲ့ ဘေးဘက်ပုံရိပ်ကို အတော်လေး ခန့်မှန်းလို့ရခဲ့ပြီး Wheel Arches တွေနဲ့ တံခါးတွေဘေးမှာ Dynamic Lines တွေ အတော်များများကို ထည့်ပေးထားလာနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Sports Bar တွေကိုလည်း အနောက်ဘက် Panels တွေမှာ Sharkfin Antenna နဲ့ အတူ ပေါင်းစပ်လာနိုင်ကာ ပိုပြီး ပါးလျခေတ်မှီတဲ့ Panels အသစ်တွေ ကိုလည်း မြင်လာရဖို့ ရှိနေပါတယ်။ အဓိက ကတော့ ဘယ်လိုလမ်းမျိုး ရာသီဥတုမျိုးမဆို ကောင်းကောင်း အကြမ်းခံမယ့် All-Terrain တာယာတွေကိုမှ Alloy ဘီးတွေနဲ့ တွဲဖက်လာမှာမျိုးက အတော်လေး ကြည့်လို့ ကောင်းနေမှာ သေချာပါတယ်။

Photo Credit: CARBUZZ

အနောက်ဘက်ကတော့ အနည်းငယ် ပိုပြီး ရှင်းရှင်းလင်းလင်း ပုံပေါက်နေပြီး LED Taillights နားတွေနဲ့ Tailgate နားတွေက ပိုပြီး ကြည့်ကောင်း နေနိုင်ပါတယ်။ Tailgate အကြောင်း ပြောရမယ် ဆိုရင်တော့ အလယ်မှာ ဒေါင်လိုက်လိုင်းအသေးလေးတစ်ခု ပါနေသေးတာ ကိုတွေ့ ရတာကြောင့် ဘေးနှစ်ဖက်ကို ဆွဲဖွင့်လို့ရမယ့် ပုံမျိုး ဖြစ်လာမှာလား ဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာပါ။ ဒါ့အပြင် Amarok ဆိုတဲ့ ကားရဲ့ နာမည် စာသားကိုလည်း ထင်ထင်ရှားရှား ဖော်ပြထားပြီး Slim Brake Lamp ကိုလည်း အပေါ်ဘက်နားမှာ မြင်ရပါသေး တယ်။ အနောက်ဘက်က ဘန်ဘာ ပိုင်း ကတော့ ခပ်ကြမ်းကြမ်း အသွင်ကိုပဲ ဆက်ပြီး ပုံဖော်ထားကာ Reflectors တွေနဲ့ Satin Chrome Trim တွေကိုလည်း ပေါင်းစပ် ပေးလာဖို့ များနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန် နည်းပညာတစ်ချို့နဲ့ ဂျာမနီလက်ရာတို့ ပေါင်းစပ် ထားမယ့် အဆိုပါ ကားသစ် ထွက်လာပြီ ဆိုရင်တော့ အိမ်ရှင် ဈေးကွက်မှာတင်ပဲ ရောင်းအား အတော် လေး ကောင်းမွန်လာနိုင်ပါတယ်။

Ref: carbuzz.com