Financial Times သတင်းစာရဲ့ ဖော်ပြချက်အရတော့ ကမ္ဘာပေါ်က ပို့ဆောင်ဆက်သွယ်ရေး နည်းပညာသစ် တစ်ရပ် ဖြစ်လာမယ့် Hyperloop စနစ်ကြီးထဲမှာ အခုဆိုရင် Virgin ကုမ္ပဏီအနေနဲ့ ခရီးသည်ရော ကုန်တွေပါ တင်ဆောင် နိုင်ဖို့ အဆင့်တွေ ဖော်ဆောင်လာ နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကပဲ Richard Branson ဆိုသူ ကျောထောက် နောက်ခံပေးထားတဲ့ အဆိုပါ ကုမ္ပဏီက နေ ဝန်ထမ်းသစ်ပေါင်း ၁၁၁ ယောက် အထိကို အလုပ်က ထုတ်ပစ် ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုလို အလုပ်ထုတ်လိုက်တာမျိုးတွေက ပိုပြီး ကျစ်ကျစ်လစ်လစ် အလုပ်လုပ် နိုင်ဖို့နဲ့ ကိုဗစ်ကပ်ရောဂါကြောင့် Supply Chain တွေ ထိခိုက်နေမှုအပေါ် ပြန်လည်ကုစားနိုင်ဖို့လည်း ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဆိုထားပါတယ်။

Photo Credit: MotorAuthority

တကယ်တော့ Virgin Hyperloop အဖြစ် ရင်းနှီးမမြုပ်နှံခင် Hyperloop One အဆင့် မှာကတည်းက ခရီးသည်နဲ့ စမ်းသပ်ပြီးပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံ လက်ဗီးဂတ်စ် နားမှာ ပြုလုပ်ခဲ့တာပါ။ အဆိုပါ အချိန်ကတည်းက ပြောကြားခဲ့တာကတော့ ပုံမှန်အင်ပြည့်အားပြည့် စသုံး နိုင်မယ့် Hyperloop တစ်စီးဟာဆိုရင် ခရီးသည် ၂၈ ဦးနဲ့ အတူ ကုန်တွေပါ တင်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု Virgin Hyperloop ဆိုတာကတော့ ကမ္ဘာပေါ်မှာ Hyperloop ပို့ဆောင်ဆက်သွယ်ရေး စနစ်သစ် အကောင်အထည် ပေါ်လာဖို့ ကြိုးစားနေကြတဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။ အခု နည်းပညာသစ်ကို ပထမဆုံး စတင်အဆိုပြု ခဲ့သူ‌ကတော့ Tesla ပိုင်ရှင်ကြီး Elon Musk ပဲ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ စတင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Hyperloop စနစ်မှာ ဆိုရင်တော့ Low Pressure ပြွန်ကြီး တစ်ခု အဓိက ပါဝင်ပြီး Pod မျိုးလိုမျိုး ယာဉ်တွေက အဆိုပါ ပြွန်ကြီးထဲမှာ သံလိုက်ဓာတ်နဲ့ မြန်နှုန်းမြင့် သွားလာနိုင်မယ့် သဘော ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ပြွန်အတွင်းမှာ ရှိတဲ့ ဖိအားနည်းမှုကြောင့် မြန်နှုန်းကို အတော်လေး မြင့်အောင် သွားနိုင်မှာဖြစ်ပြီး ၂၀၁၃ White Paper အဆိုပြုချက် ထဲ မှာတော့ Elon Musk က တစ်နာရီကို မိုင် ၈၀၀ အထိ သွားနိုင်လိမ့်မယ်လို့ ဖော်ပြထား ပါတယ်။ Virgin Hyperloop ကတော့ အခု သူတို့ ရဲ့ နည်းပညာက လေကြောင်းပို့ဆောင်ရေး နည်းပညာထက် ၁၀ ဆ လောက်ကို ပိုမို စွမ်းဆောင်နိုင်မှာ ဖြစ်ပြီး ရထားလမ်းကြောင်းတွေ ထက် ၄ ဆ လောက် ပိုကောင်းမယ်လို့လည်းဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း Hyperloop Concept ကတော့အခုအချိန်အထိမေးခွန်း ထုတ်စရာ တွေရှိနေဆဲပါ။ အရေးကြီးတာတွေ ဖြစ်တဲ့ အရေးပေါ် အခြေအနေမှာ အဆိုပါ ပြွန်ထဲက ဘယ်လိုထွက်နိုင်မလဲ ၊ တစ်နာရီ မိုင် ၈၀၀ လောက်အထိ မောင်းလိုက်ရာကနေ ကမ္ဘာမြေဆွဲအားနဲ့ ဘယ်လို ချိန်ညှိရပ်တန့်နိုင်မလဲ စတာ တွေကတော့ အမေးအများဆုံး ဖြစ်နေ ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ လမ်းကြောင်း အတွက် တည်ဆောက် ရဦးမယ့် အခြေခံ အဆောက်အဦတွေရဲ့ ကုန်ကျစရိတ်ကလည်း မသက်သာမယ့်အပြင် သူ့အတွက် သီးသန့် လိုအပ် ဦးမယ့် မြေနေရာကြောင့်လည်း စိန်ခေါ်မှုတွေနဲ့တော့ ပြည့်နေဆဲ ဖြစ်ပါတယ်။

Ref: MotorAuthority