၂၀၂၂ ဒုတိယ နှစ်ဝက်လောက်မှာ ဥရောပ ဈေးကွက်ထဲ ကားတွေ စတင်ဖြန့်ချီမလာမီ ဗီယက်နမ်ကားထုတ် လုပ်သူနဲ့ Pininfarina တို့ကတော့ ဘာစီလိုနာမှာ သူတို့ရဲ့ Vinfast VF8 နဲ့ VF9 လျှပ်စစ် SUV ကားတွေကို ပြသခဲ့ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းက လော့အိန်ဂျလိစ် Auto Show မှာ ပြသခဲ့တဲ့ D- နဲ့ E- Segment SUV ကားတွေဖြစ်တဲ့ VF e35 နဲ့ e36 ကားတွေကို VF 8 နဲ့ VF 9 ဆိုပြီး အမည်ပြောင်းလဲခဲ့တာ ဖြစ်ကာ ဂျာမနီ၊ ပြင်သစ် နဲ့ နယ်သာလန် နိုင်ငံတွေမှာ ထွက်ရှိပြီးတာနဲ့ အမေရိက ကို ၂၀၂၂ နှစ်ကုန်ပိုင်း လောက်မှာ ရောက်ရှိလာမှာပါ။ လက်ရှိအချိန်အထိတော့ အဆိုပါကားတွေကို UK မှာ ရောင်းချဖို့ စီစဉ်ထားမှု မရှိသေးတာပဲ ဖြစ်ပါတယ်။
ထိုင်ခုံ ၂ တန်းပါ VF 8 ကားကတော့ Eco Model အတွက် ဒေါ်လာ ၄၁,၀၀၀ ကျသင့်မှာဖြစ်ပြီး Plus Model ကို ဒေါ်လာ ၄၈,၀၀၀ ကျသင့်မှာဖြစ်ကာ ပိုမိုကြီးမားတဲ့ VF 9 ကားမှာဆိုရင်တော့ Eco Model အတွက် ဒေါ်လာ ၅၆,၀၀၀ နဲ့ Plus Model အတွက် ဒေါ်လာ ၆၁,၀၀၀ ဆိုပြီး အသီးသီးကျသင့်သွားမှာပါ။ VF 8 ကားက Tesla Model Y ကို ယှဉ်ပြိုင်လာမှာ ဖြစ်ပြီး BMW X7 အရွယ်အစားရှိတဲ့ VF 9 ကတော့ Sports ကားပိုင်းကို အထူးပြုထားကာ Aerodynamics ပိုင်းအတွက် ခေတ်မီ Design Language ကို အသုံးပြုထားတယ်လို့ Vinfast ကကြွေးကြော်ထားတာ ဖြစ်ပါတယ်။ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အနည်းအကျဉ်းသာ သိရှိထားရသေးပေမယ့် Dual-Motor နဲ့ All-Wheel Drive စနစ်အသုံးပြုလာမယ့် ထိုင်ခုံ ၅ လုံးနဲ့ VF 8 ကတော့ 402 hp နဲ့ 457 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာဖြစ်ကာ လက်ရှိရရှိနိုင်တဲ့ အကြီးမားဆုံး ဘက်ထရီကို အသုံးပြုမယ်ဆိုရင် အားတစ်ကြိမ်သွင်းထားရုံနဲ့ ၃၁၃ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မော်တာ တစ်လုံးပဲ တပ်ဆင်ထားမယ့် အမျိုးအစားမှာတော့ 201 hp စွမ်းဆောင်နိုင်မှာ ဖြစ်ပြီး ပိုမိုသေးငယ်တဲ့ ဘက်ထရီကြောင့် မောင်းနှင်နိုင်မယ့် အကွာအဝေးက ၂၈၅ မိုင်အထိသာရှိမှာပါ။
VF 9 မှာလည်း VF 8 နဲ့တူညီတဲ့ မော်တာပဲ တပ်ဆင်ထားပေမယ့် လူ ၇ ယောက်အထိ စီးနင်းနိုင်မှာဖြစ်ကာ မောင်းနှင်နိုင်မယ့်အကွာအဝေးလည်း တိုးမြင့်လာမှာဖြစ်ပါတယ်။ ပုံမှန် ဘက်ထရီ နဲ့ဆိုရင်တော့ VF 9 ကားက ၃၀၁ မိုင်အထိ မောင်းနှင်နိုင်မှာဖြစ်ကာ အဆင့်မြှင့်တင်ထားမယ့် ဘက်ထရီနဲ့ဆိုရင်တော့ ၄၂၂ မိုင်အထိ မောင်းနှင် နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Vinfast ကား ၂ မျိုးစလုံးမှာတော့ ၁၅.၆ လက်မရှိ Dashboard Touchscreen နဲ့ Head-Up Display တွေပါဝင်လာသလို Mercedes ရဲ့ Premium Models တွေမှာသာ ရရှိနိုင်သေးတဲ့ Level 3 အဆင့် အလိုအလျောက် မောင်းနှင်မှုစနစ်လည်း ပါဝင်လာမယ်လို့ ယူဆရတာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts