ဗီယက်နမ် နိုင်ငံရဲ့ ကားကုမ္ပဏီဖြစ်တဲ့ VinFast ကတော့ အခုဆိုရင် အမေရိက အထိမှာကို တရားဝင် Showroom ဖွင့်လှစ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ VinFast ရဲ့ မူလ မိခင်ကုမ္ပဏီကြီး ဖြစ်တဲ့ Vingroup ကလည်း အခုလို အောင်မြင်မှုအတွက် အစောကြီးကတည်းက ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပြီး အမေရိကမှာ ဖွင့်မယ့် Showroom ၆ ခုထဲက ပထမဆုံး တစ်ခုကို အခု ဇူလိုင်လ ၁၄ ရက် တုန်းကပဲ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ ဖွင့်လှစ်လိုက် နိုင်တာပါ။ Santa Monica မှာရှိတဲ့ အဆိုပါ Showroom ကတော့ ဈေးကွက်ထဲကို လျှပ်စစ် ကားအသစ်တွေ ပို့ဆောင်ပေးနိုင်ဖို့ အတွက် မျှော်လင့်ချက် အရှိန်အဟုန် ကောင်းကောင်းနဲ့ နေရာကောင်းယူထား နိုင်ပါပြီ။ အဆိုပါ Showroom အသစ် ကတော့ ခပ်ရိုးရိုးရှင်းရှင်းကိုမှ နည်းပညာမြင့် အရသာခံစားမှုတွေ လွှမ်းမိုးနေတဲ့ ခေတ်မှီနေရာဖြစ် ပြီး ကားရဲ့ အရောင် တွေနဲ့ အတွင်းခန်း အရောင်တွေကိုလည်း ပြသထား ပါတယ်။ ဒါ့အပြင် VinFast VF 9 Prototype ကားကို အလယ် တည့်တည့်မှာ ပြသ ထားပြီး သူ့ရဲ့ဘေး တစ်ဖက်ဆီမှာတော့ နောက်ထပ် ၂ စီး ၃ စီး လောက်ထားလို့ ရပါသေးတယ်။

Photo Credit: MotorTrend

အခု Showroom ကနေ ရနိုင်တဲ့ ပထမဆုံးသော ကားတွေကတော့ VinFast VF 8 နဲ့ VF 9 Crossover တွေ ဖြစ်ပြီး အဆိုပါ Lineup ထဲက နောက်ထပ် Compact VF6 နဲ့ VF7 SUV တွေကိုပါ နောက်ပိုင်းထပ် ရလာပါလိမ့်မယ်။ အမေရိက မှာ ရောင်းချမယ့် အဆိုပါ ကားတွေကိုတော့ မြောက်ကယ်ရိုလိုင်းနားက Raleigh အနားမှာရှိတဲ့ စက်ရုံမှာ ထုတ်လုပ် သွားမှာဖြစ်ကာ ထုတ်လုပ်မှုတွေကိုတော့ လာမယ့် ၂၀၂၄ ဇူလိုင်မှာတင် စတင် လည်ပတ်နိုင်ပါလိမ့်မယ်။ VinFast ကတော့ အမေရိကမှာ Showroom တွေကိုနေရာ အမျိုးအစား ၃ မျိုးခွဲ ဖွင့်လှစ်သွားမယ်လို့ ဆိုထားပါတယ်။ Santa Monica Showroom ကတော့ ကုမ္ပဏီရဲ့ အခေါ် 1S Store ဖြစ်ပြီး Shopping Mall ထဲမှာ ဖန်တီးထားတာကြောင့် VinFast ရဲ့ ကားတွေကို အလွယ်တကူပဲ မြင်နိုင်တွေ့နိုင် ရောင်းဝယ်နိုင်မှာပါ။ ဒုတိယ မြောက် Showroom ပုံစံကို တော့ 2S လို့ အမည်ပေးထားပြီး VinFast ပိုင်ရှင်တွေအတွက် ကားအပိုပစ္စည်းတွေနဲ့ လိုအပ်တာတွေကို ရောင်းချ ပေးမှာဖြစ်ကာ ဒေသတွင်းက 1S ‌Showroom နေရာတွေမှာလည်း ဖန်တီးပေးလာ နိုင်ပါတယ်။ အကြီးဆုံးသော Showroom တွေကိုတော့ 3S အဆင့် သတ်မှတ်ပေးထားပြီး ကားအရောင်းပိုင်း အပြင် ၊ အပို ပစ္စည်းတွေနဲ့ဝန်ဆောင်မှု စင်တာ တွေကိုပါ ရောင်းချပေးမှာပါ။ နောက်ပိုင်းမှာတော့ အမေရိကန် မှာတင် ဆိုင်စုစုပေါင်း ၆၀ အထိ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပြီး ကယ်လီဖိုးနီးယားမှာတင်ပဲ ဆိုင် ပေါင်း ၃၀ လောက် ရှိလာနိုင်ပါတယ်။

Photo Credit: MotorTrend

ကားသစ် တွေကို အခုနေ ဝယ်ယူချင်တဲ့ သူတွေအတွက် အစောပိုင်း Customer တွေအနေနဲ့ အထူးအခွင့်အရေးတွေ ပေးသွား ဦးမှာပါ။ Level 2+ အဆင့် အထိ ရှိတဲ့ ယာဉ်မောင်းအကူ နည်းပညာ ဝန်ဆောင်မှုတွေ ပါဝင်မယ့်  VinFast ရဲ့ Smart Driving စနစ်ကို ၁ နှစ် သုံးစွဲခွင့်ရရှိ နိုင်မှာပါ။ ဒါ့အပြင် Electricfy America အားသွင်း ကွန်ရက်မှာလည်း ၃ နှစ် အကန့်အသတ်မရှိ အခမဲ့ အားသွင်းခွင့် အပြင် 11.5 kW Level 2 Home Charger ကိုပါ အခမဲ့ ရနိုင်ဦးမှာပါ။ ဒါ့အပြင် အဆိုပါ Charger ကို အိမ်အရောက် တင်ဆင်ပေးရာမှာလည်း $ 1,200 အထိ ဈေးလျှော့ပေးဦးမှာဖြစ်ပြီး အဆိုပါ အထူး အခွင့်အရေး တွေကိုတော့ အခု နှစ် စက်တင်ဘာ ၃၀ မတိုင်ခင် ဝယ်ယူသူတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အခု Santa Monica Showroom အသစ်ကတော့ VinFast ကုမ္ပဏီရဲ့ ရည်မှန်း ချက်တွေ ဘယ်လောက် ကြီးမားတယ် ဆိုတာကို သက်သေပြနေတာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ Hillsdale ၊ San Diego ၊ Commerce ၊ Berkeley နဲ့ Corte Madera တို့မှာပါ Showroom တွေ ဖွင့်လှစ်ခဲ့ပါတယ်။ VinFast တို့ တိုးတက်လာတယ်ဆိုတာ သေချာပေမယ့် နေရာ အသစ် ၊ နယ်မြေဒေသ အသစ်တစ်ခုမှာ တိုးဝင်လာတဲ့ ကားကုမ္ပဏီ ဖြစ်တာကြောင့်တော့ နာမည်ရထားပြီးသား ကုမ္ပဏီတွေအကြား ဝင်တိုးရ ခက်နိုင်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကားကုမ္ပဏီ တစ်ခု တည်ထောင်တယ် ဆိုတာ ခက်ခက်ခဲခဲ အချိန်ယူရလေ့ရှိပြီး အချိန်ကသာ အဆုံးအဖြတ်ပေးသွားမှာဖြစ်လို့ လျှပ်စစ်ကားသစ်ဝယ်ဖို့ စဉ်းစား နေသူတွေ အတွက် အခုကားသစ်တွေကလည်း ရွေးချယ်စရာ တစ်ရပ် ဖြစ်လာမှာတော့ သေချာနေတာပဲ ဖြစ်ပါတယ်။

Ref: MotorTrend