တိုးတက်လာနေတဲ့ ဗီယက်နမ် လျှပ်စစ်ကား ကုမ္ပဏီ VinFast တို့ကတော့ သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းတွေ ပိုမို တိုးတက်လာစေဖို့ လုပ်စရာ ရှိတာတွေ ခပ်သွက်သွက် လုပ်ဆောင်နေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၇ ကတည်းက စတင် တည်‌ထောင်ခဲ့တဲ့ အဆိုပါ ဗီယက်နမ် ကားကုမ္ပဏီဟာ ပြီးခဲ့တဲ့ 2022 CES ပြပွဲကြီးမှာလည်း ကား သစ် ၅ မျိုးကို ချပြခဲ့ ပြီးဖြစ်ပြီး အခုနှစ်ကုန်မှာပဲ အမေရိက ဈေးကွက်မှာ စတင် ရောင်းချတော့မယ်လို့ ‌အတည်ပြု ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ကားသစ်တွေ အကုန်လုံးကို ဗီယက်နမ်ပြည်တွင်းမှာ ပဲ ထုတ်လုပ်နေတာ ဖြစ်ပေမယ့် အခု ဆိုရင်တော့ အမေရိကန်နိုင်ငံ ၊ မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ Chatham County ထဲမှာ စက်ရုံအသစ် တည်ဆောက်တော့မယ်လို့ ဆိုလိုက်ပါပြီ။ အဆိုပါ စက်ရုံ အသစ်မှာ တော့ လျှပ်စစ်ကားတွေရော ၊ ဘက်ထရီ တွေကိုပါ ထုတ်လုပ်မှာ ဖြစ်ကာ တစ်နှစ်ကို ကားအစီး ရေ ၁၅၀,၀၀၀ လောက် အထိ ထုတ်လုပ်နိုင်မှာပါ။

Photo Credit: MotorAuthority

အဆိုပါ စက်ရုံ တည်ဆောက်ရေး ပထမအဆင့်အတွက် ဒေါ်လာ ၂ ဘီလီယံကို ရင်းနှီး မြုပ်နှံထားပြီး အခုနှစ် ကုန်ပိုင်း လောက်က စတင်ကာ တည်ဆောက်ရေးလုပ်ငန်းတွေ စလာနိုင်ပါတယ်။ စက်ရုံ ဖွင့်လှစ်ဖို့ကိုတော့ ၂၀၂၄ လောက် ရည်ရွယ်ထားပြီး VF 8 နဲ့ VF 9 SUV တွေကို စတင်ထုတ်လုပ်ပေးမယ်လို့လည်း အတည်ပြု ထားပါတယ်။ ဒါ့အပြင် နောက်ပိုင်း အဆိုပါ စက်ရုံမှာတော့ လျှပ်စစ်ဘတ်စ်ကားတွေအထိ ထုတ်လုပ်ပေးဖို့ ရှိပြန်တာ တွေ့ရပါတယ်။ VinFast CEO ဖြစ်သူ Le Thi Thu Thuy ကတော့ အစပိုင်းမှာ အခု အမေရိကန် စက်ရုံက ဘက်ထရီတွေကို အခြား ပစ္စည်း ထောက်ပံ့ ပေးသူတွေထံက ယူမယ်လို့ ဆိုခဲ့ပေမယ့်လည်း အခု တော့ ကုမ္ပဏီက ကိုယ်တိုင်ပါ ထုတ်လုပ်လာဖို့ ဖြစ်သွား ခဲ့တော့တာပါ။ ဒါ့အပြင် သူတို့ရဲ့ နောက်ထပ် စက်ရုံ ကို ဂျာမနီမှာ တည်ဆောက်သွား ဦးမယ်လို့လည်း CEO က ပြောခဲ့ ဖူးပါသေးတယ်။

Photo Credit: MotorAuthority

VinFast ရဲ့ လက်ရှိ ကားစက်ရုံကတော့ ဗီယက်နမ်နိုင်ငံက Hai Phong ဒေသမှာ တည်ရှိနေပြီး လာမယ့် ၂၀၂၆ အရောက်မှာ ကားအစီးရေ နှစ်စဉ် ၉၅၀,၀၀၀ လောက် အထိထုတ်လုပ်ပေးနိုင်အောင် တဖြည်းဖြည်း ချဲ့ထွင်လာဖို့ ရှိပါတယ်။ ဒါ့အပြင် အဆိုပါ စက်ရုံမှာ Five Gigawatt-hours အထိ ရှ်ိတဲ့ စွမ်းအင်လုပ်အား နှုန်းလည်း ရှ်ိထား ပြီး အခု နှစ်ကုန်ပိုင်းလောက်မှာ အင်အားပြည့်လည်ပတ်လာနိုင်မှာပါ။ သူတို့ရဲ့ ဘဏ္ဍာရေး အင်အား တောင့်တင်းနိုင်ဖို့ အတွက် လည်း အမေရိကန် စတော့ ဈေးကွက်ထဲမှာ ရှယ်ယာတစ်ချို့ ဝယ်ယူဖို့ ပြင်ဆင် နေပါသေးတယ်။ အမေရိက ဈေးကွက် ထဲမှာ စတင်ရောင်းချမယ့် VinFast ကားတွေကတော့ VF 8 Mid-Size SUV နဲ့ VF 9 Full-Size SUV တို့ ဖြစ်ပြီးဈေးနှုန်း တွေကတော့ $ 41,000 နဲ့ $ 56,000 အသီးသီး ကျသင့်ပါတယ်။ ဒါပေမယ့်လည်း ဝယ်ယူလိုသူတွေအဖို့ တစ်လတာ လက်ရှိ ဆီဈေးနဲ့ ကိုက်ညီ မယ့် Battery Subscription Plan ကိုလည်း ရယူနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထား ပါတယ်။

Ref: MotorAuthority