နာမည်ကျော် Lamborghini Aventador ကားတွေကိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကပဲ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး Lamborghini အတွက်တော့ အမှတ်တရ အမှတ်ရစရာ တစ်ခုအဖြစ် ကျန်ရှိခဲ့ ပါပြီ။ နောက်ဆုံး ဖန်တီးခဲ့တဲ့ကားကတော့ Aventador LP 780-4 Ultimate Roadster ဖြစ်ပြီး ဆွစ်ဇာလန်က ဝယ်ယူသူတစ်ယောက် အတွက် စိတ်ကြိုက် အပြာနုရောင်လေးနဲ့ ထုတ်လုပ်ပေးခဲ့တာပါ။ အဆိုပါ Ultimae Version အသစ်ကတော့ ၂၀၂၁ ကတည်းက ထွက်ပေါ်ထားခဲ့တာဖြစ်ပြီး Aventador ကားအနေနဲ့တော့ Coupe အစီးရေ ၃၅၀ စီးနဲ့ Roadster အစီးရေ စုစုပေါင်း ၂၅၀ အထိ ထုတ်လုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါ တယ်။ အခုဆိုရင်တော့ ထုတ်လုပ်မှုတွေ အားလုံးအပြီးသတ်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပိုင်းတုန်းက Felicity Ace ကုန်တင် သင်္ဘောနစ်မြုပ်မှု မှာ ပါဝင်သွားခဲ့ ရတဲ့ ကားတွေ အတွက်တော့ ပြန် လည်ထုတ်လုပ်ပေးရဦးမှာပါ။
Photo Credit: MotorAuthority
၂၀၁၁ ခုနှစ် ဂျနီဗာ ကားပြပွဲကြီးမှာ စတင်မိတ်ဆက်ခဲ့တဲ့ Aventador ကတော့ Lamborghini ရဲ့ နာမည်ကျော် V12 Engine တွေကို တပ်ဆင်ကာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ မျိုးဆက်အလိုက် မျိုးကွဲ ၈ မျိုးအထိ ရှိခဲ့ပြီး အစီးရေ အကန့် အသတ်နဲ့ပဲ ထုတ်လုပ်တဲ့ အထူးထုတ်ကားတွေလည်း သပ်သပ်ပါဝင်ပါသေးတယ်။ အဆိုပါ ကားတွေပါ အားလုံး ပေါင်းမယ် ဆိုရင်တော့ ကမ္ဘာတစ်ဝန်း စုစုပေါင်း ကားအစီးရေ ၁၁,၄၆၅ စီး အထိကို ရောင်းချခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီပမာဏ ကတော့ ယခင် V 12 Engine နဲ့ ကားတွေရောင်းချခဲ့ရတဲ့ အားလုံးပေါင်း ပမာဏထက်တောင် များပြားခဲ့တာ ပါ။ တကယ်လည်း အဆိုပါ ကားတွေဟာ Lamborghini သမိုင်းအတွက် အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ၁၁ နှစ်ကြာ အထိအောင် ရပ်တည်ပေးနိုင်ခဲ့တဲ့ Lamborghini Flagship Series တစ်ရပ်အနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်တယ် လို့လည်း Lamborghini ရဲ့ ဥက္ကဌ နဲ့ CEO ဖြစ်သူ Stephan Winkelmann က ဆိုထားပါတယ်။
အဆိုပါ ကားရဲ့ မျိုးဆက်သစ်လို့ ယူဆရမယ့် ကားသစ်ကိုတော့ လောလောဆယ် စမ်းသပ်နေတာတွေ့ရပြီး လာမယ့် နှစ် အစောပိုင်းလောက်မှာ ချပြလာနိုင်ပါတယ်။ အဆိုပါ ကားသစ်မှာတော့ V12 Engine ပါလာနိုင် သေးတယ် ဆိုပေမယ့်လည်း Plug-In Hybrid အမျိုးအစားလိုပဲ ပိုဖြစ်လာဖို့များတဲ့ လျှပ်စစ်စွမ်းအင် ပေါင်းစပ် ကားတစ်စီး ဖြစ်လာ မှာပါ။ ဒါ့အပြင် Lamborghini သမိုင်းမှာ တတိယမြောက်အသစ် ပြန်လည် အဆင့်မြှင့်ထားမယ့် V12 Engine တွေ ကိုလည်း အဆိုပါ ကားသစ်တွေနဲ့အတူ မြင်ရနိုင်ပါသေးတယ်။ ဒါပေမယ့် လျှပ်စစ်စွမ်းအင် မပေါင်းထားတဲ့ V12 Engine သီးသန့်ကတော့ ဘယ်တော့မှ ပြန်မရောက်လာနိုင် ဘူးလို့ ကုမ္ပဏီဘက်က အတည်ပြုထားပြီး ဖြစ်တာကြောင့် အခုနောက်ဆုံး မြင်ရတဲ့ Ultimae Version တွေဟာ ကားစုဆောင်းသူတွေ အတွက်တော့ မျက်စိကျစရာ ရှားပါးထုတ်ကုန် ဖြစ်လာတော့မှာပါ။ လက်ရှိ နောက်ဆုံးမျိုးဆက် Ultimae ကားတွေမှာတော့ 6.5 Liter V 12 Engine တွေကို ထည့်သွင်းပေးထားပြီး 769 hp နဲ့ 531 lb-ft Torque အထိကို စွမ်းဆောင်ထားနိုင်ကာ Aventador တွေထဲလည်း အမြင့်ဆုံးပါပဲ။ လျှပ်စစ်စွမ်းအင်နဲ့ ပေါင်းစပ်လာမယ့် Lamborghini ကားသစ်တွေကိုတော့ လာမယ့် ၂၀၂၄ အစောပိုင်းလောက် ဈေးကွက်ထဲ စမြင်ရနိုင်ပြီး လျှပ်စစ်သီးသန့် ကားတွေကိုတော့ Model Lineup တွေထဲက ၄ ခု မြောက်လောက်မှာ စတင်ချပြလာနိုင်အောင် စီစဉ်ထားပါတယ်။ Grand Tourer ဖြစ်လာမယ်လို့ ယူဆရတဲ့ Lamborghini ရဲ့ ပထမဆုံး လျှပ်စစ်ကားသစ်ကတော့ အခုဆယ်စုနှစ်ရဲ့ ဒုတိယနှစ် အပိုင်းအခြား ကာလ တွေ လောက် မှာ မြင်ရလာဖို့ ရှိနေပါတယ်။
Ref: MotorAuthority