Jaguar ကား ကုမ္ပဏီကတော့ လာမယ့် ၂၀၂၅ ကစလို့ Ultra-Luxury ဆိုတဲ့လျှပ်စစ်စွမ်းအင် သီးသန့်သုံး ဇိမ်ခံကား ကုမ္ပဏီ အဖြစ်ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်တွေနဲ့ ပတ်သက်လို့တော့ အခုဆိုရင် ကုမ္ပဏီ ရဲ့ CEO ဖြစ်သူ Thierry Bollore က ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာတွေပါ ထုတ်ဖော်ပြောကြား လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက Bollore ရဲ့ ပြောဆိုချက်တွေထဲ မှာတော့ ကုမ္ပဏီရဲ့ အနာဂါတ် လျှပ်စစ် ကားသစ်တွေ အတွက် ကိုယ်တိုင်ဖန်တီး ထုတ်လုပ်မယ့် ကိုယ်ပိုင် Platform တစ်ခုရှိလာမယ်လို့ သိရပါတယ်။ ယခင်တုန်း ကတော့ တစ်ခြားသော ကုမ္ပဏီတစ်ခုခု ဆီကနေပဲ Platform အငှားသုံးမယ့် အရိပ်အယောင်တွေ ဆိုခဲ့ပေမယ့် လည်း အခု ဆိုရင်တော့ Jaguar ရဲ့အသစ် ထုတ်ချင်တဲ့ ကားတွေရဲ့ အချိုးအစားတွေနဲ့ စွမ်းဆောင်ရည်တွေကို ကိုက်ညီအောင် ဖန်တီးပေး နိုင်မယ့် Platform မျိုးကို ရှာမရခဲ့လို့ အခုလို ကိုယ်ပိုင်ဖန်တီး လာတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Jaguar ကားအသစ်တွေရဲ့ အချိုးအစားတွေကလည်း လုံးဝကို ဘယ်တုန်းကမှ မမြင်ဖူးသေးတဲ့ တစ်မူ ထူးခြားမှုမျိုး ဖြစ်လာမယ် လို့ Bollore က ဆိုလိုက်ပါတယ်။ ဒါ့အပြင် Jaguar Land Rover ရဲ့ Chief Financial Officer ဖြစ်သူ Adrian Mardell ကလည်း Panthera ကားမှာတုန်းက သုံးခဲ့တဲ့ Platform ကို ပြန်ပြောင်း ထောက်ပြခဲ့ပါသေးတယ်။ အနာဂါတ် ကုမ္ပဏီရဲ့ ကားသစ်တွေ အတွက် ရည်ရွယ်ဖန်တီးသွားမယ့် Platform တွေမှာ ကတော့ နှစ်မျိုးလောက် ဖြစ်လာနိုင်ပြီး တစ်မျိုးကတော့ Hybrid နဲ့နောက်တစ်မျိုးကတော့ ဘက်ထရီ လျှပ်စစ် ကားတွေ အတွက် ဖြစ်လာနိုင်ပါတယ်။ အဆိုပါ Platform တွေထဲကမှ MLA ဆိုတဲ့ တစ်မျိုးကိုတော့ 2022 Range Rover နဲ့ အတူ ပွဲထုတ်လာခဲ့ပြီးပါပြီ။
Jaguar ကုမ္ပဏီရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး တစ်ခုလုံးကိုတော့ Reimagine လို့ အမည်ပေးထားပြီး လက်ရှိ Brand ရဲ့ ကား အမျိုးအစားတွေ အကုန်လုံးကိုဖယ်ထုတ်ကာ ကားသစ်တွေနဲ့ချည်း အကုန်အစားထိုးလာမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အဆိုပါ အနာ ဂါတ် အစီအစဉ်ရဲ့ ကားသစ်တွေကတော့ Aston Martin နဲ့ Bentley တို့ကို အဓိကထား ယှဉ်ပြိုင်လာဖို့လည်း ရှိနေတာပါ။ ဒါပေမယ့် ကုမ္ပဏီ အနာဂါတ် Lineup အသစ်ကတော့ အခု လက်ရှိ ရှိနေတဲ့ အနေအထားထက် ပိုပြီးနည်းပါးသွားမှာ အမှန်ပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၁ ရဲ့ Fourth Quarter အရောက်မှာ တော့ ကုမ္ပဏီ အနေနဲ့ ကားအစီးရေပေါင်း ၈၀,၁၂၆ စီး အထိကို ရောင်းချခဲ့ရကာ အဆိုပါ ကားတွေထဲကမှ 14,407 စီးကတော့ Jaguar ကားတွေ ဖြစ်တာကြောင့် ၂၀၁၃ ကတည်းကနေအခုထိ အနည်းဆုံး ပမာဏတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ အားလုံး ပေါင်းလိုက်မယ် ဆိုရင်တော့ အဆိုပါ ရောင်းအား ပမာဏက ယခင် ကထက် ၃၇.၆ ရာခိုင်နှုန်း လောက်အထိကို ကျဆင်းသွားတာဖြစ်ပြီး Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာကိုသာ အကြောင်းပြနေခဲ့ပေမယ့်လည်း လက်တွေ့မှာကတော့ ပိုပြီး ထင်ထားတာထက် ဆိုးရွား နေခဲ့တာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority