ဂျပန် နာမည်ကြီး ကားကုမ္ပဏီ Toyota ကတော့ Aurora ဆိုတဲ့ ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး မောင်းသူမဲ့ ကားတွေ စတင် တီထွင် ထုတ်လုပ်ဖို့ ဆိုတဲ့ စီမံကိန်းတွေ အကြောင်း ‌စတင်ကြေညာခဲ့တာ တစ်နှစ်လောက် ကို ရှိသွားခဲ့ပါပြီ။ အခု ဆိုရင်တော့ အဆိုပါ ပူးပေါင်း နည်းပညာသုံး Prototype အဆင့်တွေကို Sienna Minivan တွေမှာ စမြင်နေရပြီး အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်ထဲက အဝေးပြေး လမ်းမတွေနဲ့ မြို့ ဆင်ခြေဖုံးတွေမှာ ပိုပြီး စမ်းသပ် နေကြပါတယ်။ သူတို့ကို စမ်းသပ်နေတဲ့ Dallas-Fort Worth Area ထဲ မှာပဲ Aurora ရဲ့ မောင်းသူမဲ့ ထရပ်ကား တစ်ချို့ ကိုလည်း ၂၀၂၀ ကတည်းက စမ်းသပ်နေခဲ့တာပါ။ တစ်ချို့ စမ်းသပ်ယာဉ်တွေမှာ ဆိုရင် U-Turn ကွေ့ရတာ ‌မျိုးတွေ ၊ မြန်နှုန်းမြင့် စမ်းသပ်တာမျိုးတွေနဲ့ လမ်းကြောင်း အလိုအလျောက် ပြောင်းရတာမျိုးတွေအထိ လုပ်ဆောင်နိုင် နေပါတယ်။ ဒါတင်မကသေးပဲ ပုံမှန် မဟုတ်တဲ့ ယာဉ်အသွားအလာ စိန်ခေါ်မှုတွေ ၊ လမ်းပြင်နေတာတွေ ရာသီဥတု မကောင်းတာတွေ စတဲ့ အခြေအနေ အမျိုးမျိုးကိုလည်း အစမ်းသပ်ခံ နေနိုင်ပါတယ်။

Photo Credit: MotorAuthority

Aurora ကတော့ သူတို့ရဲ့ မောင်းသူမဲ့ စနစ်ကို Aurora Driver လို့ အမည်ပေးထားပြီး Toyota ကလည်း သူတို့ရဲ့ Sienna Minivan တွေမှာ ပေါင်းထည့် စမ်းသပ်နေတာပါ။ လက်ရှိ စမ်းသပ်ချက်တွေမှာတော့ သာမန် ပြည်သူတွေကို ပါဝင်ခွင့် မပေးထားသေးပဲ အရေးကြီးတဲ့ အရေးပေါ် အခြေအနေတွေ အတွက် ကား ပေါ်မှာ ယာဉ်မောင်းတစ်ယောက်လည်း အဆင်သင့် ထားပေးထားပါသေးတယ်။ လက်ရှိ SAE ရဲ့ မောင်းသူမဲ့ အဆင့် သတ်မှတ်ချက်တွေ အရဆိုရင် အခု ကားတွေရဲ့ Aurora Driver စနစ်က Level 4 အဆင့် ရှိသလို တစ်ချို့ သီးသန့်အခြေအ‌နေတွေမှာ ကိုယ်တိုင်ကို ‌စိတ်ချလက်ချ အလိုအ‌လျောက် မောင်းနှင်နိုင်နေပါတယ်။ မောင်းသူမဲ့ ကားတွေအတွက် အဓိက နောက်ဆုံး ရည်မှန်းချက် ကတော့ Level 5 အဆင့် ဖြစ်ပြီး လုံးဝ ထိန်းချုပ်စရာ မလိုတော့ပဲ လူတစ်ယောက် အလား စိတ်ကြိုက် ထိန်းချုပ်‌နိုင် တော့မှာပါ။ Aurora ကုမ္ပဏီ ကတော့ ၂၀၁၆ ခုနှစ် ကတည်းက  စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်တုန်းက Google ရဲ့ မောင်းသူမဲ့ကား ၊ အခု Waymo စနစ်ကိုအစောပိုင်း ဖန်တီးခဲ့တဲ့ သူတွေထဲက တစ်ယောက် ဖြစ်တဲ့ Chris Urmson က စတင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နောက်ထပ် ပူးတွဲ တည်ထောင်သူကတော့ Sterling Anderson ဆိုသူ ဖြစ်ပြီး အစောပိုင်းတုန်းက Tesla ရဲ့ Autopilot စနစ်ကို စခဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပြန်ပါတယ်။

လက်ရှိ ‌မှာတော့ ကုမ္ပဏီ ရဲ့ အဓိကရည်ရွယ်ချက်က တက္ကစီတွေနဲ့ အခြား ဝန်ဆောင်မှုတွေမှာ ပေါင်းထည့် နိုင်မယ့် လုံးဝ စိတ်ချယုံကြည်ရတဲ့ မောင်းသူမဲ့ နည်းပညာတွေကို ဖန်တီးနိုင်ဖို့ ပါပဲ။ ဒါ့အပြင်ငွေကြေး စိုက် ထုတ်နိုင်မှု အပိုင်း ၊ အာမခံ အပိုင်းနဲ့  ပစ္စည်းထိန်းသိမ်းမှု အပိုင်းတွေ အပြင် မောင်းသူမဲ့ နည်းပညာကိုပါ ကောင်းကောင်း လက်ခံ အသုံး ချနိုင်မယ့် ကုမ္ပဏီမျိုးကိုလည်း Aurora တို့က လိုအပ်နေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Toyota တို့က မောင်းသူမဲ့ နည်းပညာကို ကိုယ်တိုင်ဖန်တီး နေတာတွေရှိနေပြန်ပါတယ်။ Toyota ရဲ့ ပူးပေါင်း ကုမ္ပဏီတွေထဲက နည်းပညာတွေ ကိုလည်း အခုလာမယ့် 2022 Toyota Mirai နဲ့ 2022 Lexus LS တို့ မှာ စတင် ပါဝင် လာဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အဆိုပါ စနစ်တွေကတော့ Level 2 အဆင့် မောင်းသူမဲ့တွေသာ ရှိနေသေးပြီး ယာဉ်မောင်းတော့ မဖြစ်မနေကို အဆင်သင့် စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ကားတစ်စီးကို အချိန်ပြည့် ထိန်းချုပ်စရာ မလိုပဲ ကောင်းကောင်း မောင်းနှင်နိုင်တဲ့ Level 3 အဆင့် မောင်းသူမဲ့ အဆင့်ကို ရဖို့ အရင်ဆုံး ကြိုးစားနေကြပါတယ်။ ဒီစနစ်ကို တော့ Honda က ဂျပန် နိုင်ငံတွင်းမှာ စတင်လုပ်ဆောင် ထားနိုင်ပြီး ဂျာမနီ နိုင်ငံတွင်းမှာလည်း Mercedes-Benz က လုပ်ဆောင် လာနိုင်ဖို့ နီးစပ်လာနေပါပြီ။

Ref: MotorAuthority