ဘယ်သူ့ အတွက်မှ မလွယ်ကူခဲ့တဲ့ ၂၀၂၁ ကတော့ ကားလောက အတွက်လည်း တကယ်ကို ခက်ခဲတဲ့ နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ကပ်ရောဂါ ရဲ့ ရိုက်ခတ်မှုတွေကို ဆက်လက်ခံစားခဲ့ ကြရပြီး နောက်ဆက်တွဲ အနေနဲ့ ကားထုတ်လုပ် ရေးမှာအရေးပါတဲ့ Semiconductor Chip ပြား ပြတ်လပ်မှုတွေနဲ့ပါ ဆက်လက် ရင်ဆိုင်ခဲ့ ကြရတာပါ။ ဒါကြောင့် တစ်ချို့သော နာမည်ကြီး ကားကုမ္ပဏီတွေတောင်မှ သတ်မှတ်ထားတဲ့ အရောင်းပိုင်း တွေကို ကောင်းကောင်း ပြည့်မှီနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြတာပါ။ ဒီ အထဲမှာတော့ Toyota တို့လည်း အပါအဝင် ခံစားခဲ့ရပြီး RAV 4 နဲ့ Lexus RX တို့လို ကားတွေရဲ့ ထုတ်လုပ်ရေးတွေ နှောင့်နှေးခဲ့ရပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ အတွက်ရော ၂၀၂၁ တစ်နှစ်လုံး အတွက်ပါ အရောင်းစာရင်း ၊ ထုတ် လုပ်တဲ့ စာရင်းနဲ့ တင်ပို့ရတဲ့ စာရင်းတွေ အကုန်လုံးကို Toyota တို့ ထုတ်ပြန်လာနိုင်ခဲ့ပါတယ်။ ချီးကျူးစရာ ကောင်းတာကတော့ အခက်အခဲတွေ ကြားထဲကပဲ Toyota ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ရောင်းအားကောင်း နေမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး Volkswagen ကိုလည်း ကျော်တက် နိုင်ခဲ့ပါတယ်။

Photo Credit: CARBUZZ

ပြီးခဲ့တဲ့ ၂၀၂၁ တစ်နှစ်လုံး အတွက်တော့ Toyota အနေနဲ့ ကားသစ်ပေါင်း ၁၀.၄၉၆ သန်း အထိကို ရောင်းချ ခဲ့ရပြီး ယခင်ကထက် ၁၀.၁ ရာခိုင်နှုန်း အထိကို တိုးတက်လာတာပါ။ အဆိုပါ ရောင်းအားတွေထဲမှာတော့ ကုမ္ပဏီ အခွဲတွေ ဖြစ်ကြတဲ့ Daihatsu နဲ့ Hino Brand တွေရဲ့ ရောင်းအားတွေလည်း ပါဝင်လို့ နေပါတယ်။ ဒါပေမယ့် အဆိုပါ ကုမ္ပဏီ ၂ ခုရဲ့ ရောင်းအားတွေ မပါဝင်ရင်တောင် Toyota ရဲ့ ရောင်းအားက မနှစ်က ထက် ၁၀.၆ ရာခိုင်နှုန်း အထိ မြင့်တက်နေဆဲ ပါပဲ။ နှိုင်းယှဉ်ကြည့်ရမယ် ဆိုရင်တော့ တစ်ဖက်မှာ Volkswagen တို့ အနေနဲ့ ၄.၅ ရာခိုင်နှုန်းလောက် ရောင်းအား ကျ ခဲ့ရပြီး မနှစ်က တစ်နှစ်လုံးမှာ အစီးရေ ၈.၈၈၂ သန်းပဲ ရောင်းချ ခဲ့ ရပါတယ်။ အခုလို ခက်ခဲနေတဲ့ အချိန်မှာမှ တစ်ချို့ ကားတွေ ဟန်မပြတ်ထုတ် လုပ်ထားနိုင်ခဲ့တဲ့ Toyota ရဲ့ အားသာချက်ကတော့ မနှစ် ကအစောပိုင်း လောက် အထိကို ကြိုတင် မှာယူ ထားတဲ့ Semiconductor Chip ပြားတွေနဲ့ အသက်ဆက် နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အမေရိက ဈေးကွက် ထဲ မှာ ဆိုရင်လည်း Toyota က နာမည်ကျော် General Motors ရဲ့ အရှေ့ကိုပါ ရောက်လာခဲ့ပြီး ဒီအခြေအနေ ကတော့ အမေရိက ဈေးကွက်အတွက် ဆယ်စုနှစ် ၉ ခု အတွင်း GM တို့ ထိပ်ဆုံးကနေ မဦးဆောင် နိုင်ခဲ့တဲ့ ပထမဆုံး နှစ်တောင် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit: CARBUZZ

ကုမ္ပဏီ ရဲ့ ပြောရေးဆိုခွင့်ရသူ Shiroi Hashimoto ကတော့ နံပါတ်တစ် ဖြစ်နေဖို့က ကုမ္ပဏီ ရဲ့ ရည်မှန်း ချက် မဖြစ်ခဲ့ ဖူးပဲ အဓိက အခုလို ရောင်းအားကောင်းခဲ့ ရတာကတော့ အားပေးသူတစ်ယောက် ချင်းစီရဲ့ ရွေးချယ်မှုတွေကြောင့်ပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ကုမ္ပဏီ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လုံခြုံစိတ်ချ ရပြီး အရည်အသွေး မြင့်တဲ့ ထုတ်ကုန် တွေကိုထုတ်လုပ် ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ လျှပ်စစ် ကားအရေအတွက်နဲ့ ယှဉ်ကြည့်မယ် ဆိုရင် တော့ Toyota တို့က လျှပ်စစ်ကား လောကထဲ ဝင် ရောက်တာ အနည်းငယ် နောက်ကျနေသေးတာကြောင့် အစီးရေ ၁၄,၄၀၇ စီးပဲ ရောင်းချထားရသေးပြီး VW ကတော့ ဒီနေရာမှာ အစီးရေ ၄၅၃,၀၀၀ နဲ့ အပြတ်အသတ် အသာ ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းတဲ့ bZ4X တို့လို လျှပ်စစ် ကားတွေလည်း Toyota မှာ စတင်မြင် လာ ရပြီ ဖြစ်တာကြောင့် အခုနှစ် ကနေစလို့ နောက်ပိုင်းမှာတော့ ဒီ ဈေးကွက် ထဲမှာလည်း Toyota တို့ အပြောင်းအလဲ လုပ်ဆောင်လာနိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။

Ref: carbuzz.com