ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူ ဖြစ်တဲ့ Toyota တို့ကတော့ကားသစ်ရောင်းချမှု ပိုင်းတွေတင် ချဲ့ထွင်နေ ခဲ့တာ မဟုတ်ပဲ ထုတ်လုပ်ရေး ပိုင်းတွေကိုပါ ယခင်ထက် ပိုချဲ့လာနေခဲ့ ပြန်ပါတယ်။ အမေရိကလို ထိပ်တန်း ကားဈေးကွက် ထဲ နေရာအနှံ့အပြင် ကမ္ဘာ့ဈေးကွက် အတော်များများမှာပါ အခြေစိုက် ချဲ့ထွင်နေခဲ့တာဖြစ် ပြီး လူကြိုက်များတဲ့ Corolla လို မော်ဒယ်မျိုးကိုတောင် ဂျပန်ပြင်ပ ဖြစ်တဲ့ အမေရိကရဲ့ မစ္စစ္စပီ စက်ရုံကြီး မှာ ထုတ်လုပ်နေပါပြီ။ ကား အရောင်းပိုင်းမှာ ရောင်းအား အကောင်းဆုံး ထိပ်တန်းနေရာကို ရောက်နေတဲ့ Toyota ကတော့ အခုဆိုရင် Blue Springs Facility ဆိုတဲ့ နေရာမှာ ကားတွေကို ကြည့်ရှုနိုင်မယ့် အတွေ့ အကြုံ အသစ်တစ်ခုကိုပါထူးထူးဆန်းဆန်း ယူဆောင်လာ ပေးပါတယ်။ အဆိုပါ နေရာကိုတော့ တကယ့် အကြီးစားပြတိုက် အနေနဲ့ ပြင်ဆင်ထားတာ ဖြစ်ပြီး မြေပမာဏ ၁၅,၀၀၀ စတုရန်းပေ ပေါ်မှာ ပြင်ဆင်ထား ကာ အလုပ်သမားတွေ အတွက် Training Center ဆိုလည်း ဟုတ်ပြန်ပါတယ်။ အထူးသဖြင့်တော့ Toyota ရဲ့ ထူးခြားဆန်းသစ်တဲ့ လက်ရာတွေ ၊ အတွေးအခေါ်တွေနဲ့ တိုးတက်လာတဲ့ ပုံရိပ်ယောင် နည်းပညာတွေ သုံးကာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်မယ့် လေ့လာစရာတွေကို အခု ပြတိုက်ကြီးထဲ ထည့်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု ပြတိုက်ကြီးထဲ လာလေ့လာမယ့် သူတွေအဖို့ ကတော့ ကိုယ်တိုင်ထိတွေ့ လုပ်ဆောင်လို့ ရမယ့် Simulator တွေ ပေါင်းစပ် ဝန်ဆောင်မှု ပေးနေမယ့် စက်ရုပ်တွေနဲ့ တကယ် စိတ်လှုပ်ရှားမှု ကောင်းနေမှာပါ။ ဒါ့အပြင် ကုမ္ပဏီရဲ့ ၁၂၅ နှစ်တိုင် ခိုင်မာခဲ့တဲ့ သမိုင်းကြောင်း တစ်လျှောက် အဆင့်ဆင့်ကို ပြသထားတာက လည်း တကယ်ကို အံ့ဩမင်သက်စရာပါပဲ။ အခု စင်တာအသစ်ကြီးထဲမှာတော့ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေ ရဲ့ ကြိုးစားမှုတွေ ကိုလည်းအသိ အမှတ်ပြုထားပြီး စက်ရုံထဲမှာ လုပ်ဆောင်ရတဲ့ အပိုင်းတွေနဲ့ လုပ်ငန်းခွင် တွေ အကြောင်းကို ရိုက်ကူးထားတဲ့ Video တွေပါ ပြသပေးနေခဲ့ကာ ကုမ္ပဏီမှာ အလုပ်လုပ်ရတဲ့ အရသာ ကိုပါခံစားပေးထား နေစေခဲ့ပါတယ်။ Toyota Mississippi ရဲ့ ဥက္ကဌ ဖြစ်သူ David Fernandes ကတော့ အခု ပြတိုက်ကြီး ရဲ့ အဓိက ရည်ရွယ်ချက်က အမေရိက ရဲ့ ရောင်းအားအကောင်းဆုံး အထိ ဖြစ်လာတဲ့ Toyota ရဲ့အစဉ်အလာတွေနဲ့ ကားထုတ်လုပ်ရေး အဆင့်မြင့် နည်းပညာ ပိုင်းတွေမှာ အလုပ်အကိုင် အခွင့် အလမ်းတွေ ပိုမိုရရှိလာ နိုင်စေဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခု ပြတိုက်ကြီးကနေ ရရှိလာခဲ့တဲ့ ပြပွဲကြော်ငြာခတွေထဲကမှ $ 75,000 အထိ ကိုတော့ Girl Scouts Heart Of The South ဆိုတဲ့ ဒေသတွင်း ကင်းထောက် လူငယ်အဖွဲ့ဆီကို လှူဒါန်းပေးသွားတော့မှာဖြစ်ပါတယ်။

Photo Credit: CARBUZZ

ပြတိုက်ကြီးရဲ့ အနေအထားကတော့ လာမယ့်နှစ် အနည်းငယ် အတွင်းမှာပဲ Classic ကား တစ်ချို့နဲ့ အတူ အမွေအနှစ် အများအပြားကိုချပြကာ ပိုပြီးကြီးကျယ် လာနိုင်ပါတယ်။ အခုလို အလားတူ စက်ရုံမျိုးကိုတော့ ပြိုင်ဘက် Mazda ကလည်း ဂျပန်မှာ ဖန်တီးထားဖူးပြီး ဟီရိုးရှိးမား ဒေသမှာ ဖြစ်ပါတယ်။ အဆိုပါ ပြတိုက် ကတော့ ထုတ်လုပ်ရေး စက်ရုံကြီးရဲ့ ဘေးမှာ ကပ်လျက်ဆောက်လုပ်ထားပြီး တကယ့် Classic ကားတွေကို လည်း ပြသထားနိုင်ပြီ ဖြစ်ကာ ကားထုတ်လုပ်ရေးလုပ်ငန်း ခွင်ထဲကိုလည်း  ဝင်ရောက်လေ့လာ  ‌နိုင်ပါ‌သေး တယ်။ အခုလို ပြတိုက်မျိုးကို Toyota ကလည်း ဂျပန် မှာပါ ဖန်တီးထားတာကြာပြီ ဆိုပေမယ့် သူများတွေနဲ့ မတူတဲ့ တစ်ချက်ကတော့ ပြိုင်ဘက် ကုမ္ပဏီ တွေရဲ့ နာမည်ကျော် ကားတွေကိုပါ ပြသပေးထားတာ ပါပဲ။ ဒါကြောင့် သူတို့ရဲ့ ကားတွေကိုတင် အမွှန်းတင် ထားတာ မဟုတ်ပဲ ပြိုင်ဘက်တွေရဲ့ ကားကောင်းတွေကိုပါ ချပြထားတာကြောင့် ကားလောက တစ်ခုလုံးရဲ့ တိုးတက်လာမှု တွေ ကို ထင်ဟပ်ပြထားသလို မြင်တွေ့ရ ပါတယ်။ အဆိုပါ ဂျပန်က Toyota ပြတိုက်ကြီးထဲမှာတော့ Honda NSX ၊ Nissan Skyline ကား အမျိုး မျိုးတွေအပြင် Mercedes-Benz 190E တို့လို ကားတွေကိုပါ တွေ့နိုင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခု အမေရိကမှာ အသစ် မြင်လာရတဲ့ ခေတ်မှီပြတိုက်ကြီးထဲမှာလည်း အခုလို ကားကောင်းတွေပါ မြင်လာရ လိမ့်လို့ တော့မျှော်လင့်ရပါတယ်။

Ref: carbuzz.com