2024 Toyota Grand Highlander ကားသစ် ကတော့ ပြီးခဲ့တဲ့ လပိုင်းကမှ ပွဲထွက်ထားတာဖြစ်ပြီး သာမန် ၇ ယောက် စီး Highlander နဲ့ ပိုကြီးတဲ့ Sequoia ကားတို့ အကြားက ရွေးချယ်စရာအဖြစ် ထွက်ပေါ်လာတာပါ။ အဆိုပါ ကား ကလည်း ထိုင်ခုံ ၃ တန်းဖြစ်ပြီး 362 hp စွမ်းဆောင်ရည် အမြင့်ဆုံးအထိရတဲ့ ကားကောင်းတစ်စီးဖြစ်ကာ အင်ဂျင် အမျိုးအစား ၃ မျိုး အထိ ရွေးချယ်ခွင့်ပေးထား ပါတယ်။ ဒီ အနေအထားကတော့ မိသားစုစီး ကားတစ်စီးအဖို့ တော် တော်လေးကို လုံလောက်နေပြီ ဆိုပေမယ့်လည်း ဒီထက် ပိုမြန်ပိုကြမ်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့အတူ Sport ဆန်တဲ့ အရသာမျိုးကို လိုချင်သူတွေကလည်း အမြဲ ရှိနေတတ်တာ သေချာပါတယ်။ ဒီလို အခြေအနေမျိုး အတွက် ပုံကြမ်း တစ်ရပ် ထွက်ပေါ်လာတဲ့ ကားသစ်တစ်မျိုးကတော့ GR Grand Highlander ပါပဲ။

Photo Credit: motor 1.com

ဟန်ဂေရီ အခြေစိုက် X-Tomi Design ကနေ ဖန်တီးထားတဲ့ အဆိုပါကားမှာတော့ မူလ Grand Highlander ကိုမှ GR Tuning အနေနဲ့ ပြန်လည် ပြင်ဆင်ပြထားပြီး အပြင်ပိုင်းသိသာတဲ့ အပြင်အဆင်တွေလည်း ပါဝင်လာပါတယ်။ အထူးသဖြင့် အရှေ့ဘက် ဘန်ဘာမှာ Grille အသစ်နဲ့ အောက်ဘက် Diffuser ပုံစံသစ်တွေ သုံးထားတာ ၊ ဘီးအကြီးကြီးတွေ ပြောင်းတပ် ပေးထားတာနဲ့ နှစ်ရောင်စပ် ဖြစ်အောင် ပုံပြောင်းပေးထားတာ ကိုယ်ထည် အရောင် နဲ့ တူတဲ့ ဘီးဖုံးတွေ ဖန်တီးထားတာ စသဖြင့် အတော်လေးတော့ လက်ရာမြောက် ပါတယ်။ Sport အတော်လေးဆန်တဲ့ ဒီဇိုင်းကိုမှ Suspension အနိမ့်ပိုင်းနဲ့ တွဲထားတာကြောင့် ကားကို အချိုးအကွေ့တွေတိုင်းမှာ ပိုပြီး စိတ်ကျေနပ် ရစေမယ့် အသွင်မျိုးပိုပြီး မြင်ရစေတာပါ။ ဒါပေမယ့်လည်း သေချာတာကတော့ Highlander ကိုမှ အခုလို စွမ်းဆောင်ရည် အသားပေး GR Tuning ကားဆိုတာ မဖြစ်နိုင်သေးပဲ ကုမ္ပဏီဘက်ကလည်း ဒီထက် ပိုအရေးကြီးတဲ့ ကား အမျိုးအစားတွေကို ပိုအာရုံစိုက်နေရဆဲ ဆိုတာ သိသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို မိသားစုစီး SUV အကြီးကြီးကို Aggressive ကိုယ်ထည်မျိုးနဲ့ လိုချင်တာမျိုးမဟုတ်ပဲ သာမန်ကောင်း‌ရင်ရပြီ ဆိုရင်တော့  အပြင်က လတ်တလော ထွက်ထားတဲ့ 2024 Grand Highlander က သိသိသာသာကို ပိုမိုက် နေစေမှာပါ။

Photo Credit: motor 1.com

အဆိုပါ ကားမှာတော့ အကြီးမားဆုံး အင်ဂျင်အဖြစ် Hybrid အတွဲအစပ် အင်ဂျင်ရှိထားပြီး 2.4 Liter Turbocharged Gas Engine သုံးထားကာ လျှပ်စစ်မော်တာ ၃ လုံးအထိ ပေါင်းပေးထား သေးတာလည်း ဖြစ်ပါတယ်။ အလားတူ အင်ဂျင် အတွဲအစပ် မျိုးကိုတော့ Toyota Crown မှာလည်း မြင်ခဲ့ရဖူးပြီး စွမ်းဆောင်ရည် အနေနဲ့က 362 hp အထိ ရှိကာ Four-Wheel Drive စနစ်လည်း ရနေသေးတာပါ။ ဒီ ပမာဏကြောင့်ပဲ အခုကားကြီးကို ရပ်ထား ရာကနေတစ်နာရီ ကီလို ၆၀ အထိ ပမာဏကို ၆.၃ စက္ကန့် အတွင်းမှာတင် အရှိန်တင်သွားနိုင်တာလည်း ဖြစ်ပါတယ်။ ပေါင် ၅,၀၀၀ လောက် အထိကိုလည်း ဆွဲနိုင်တဲ့အထိ ကားကြီးက အင်အားကောင်းပြီး ဈေး ပိုပေးနိုင်မယ် ဆိုရင် Front- Wheel Drive စနစ် နဲ့ ပါ ရနိုင်ပါသေးတယ်။ နောက်ထပ် အင်ဂျင် ၂ မျိုး အနေနဲ့ကတော့ Hybrid မဟုတ်တဲ့  2.4 Liter Turbo အင်ဂျင် ၊ Hybrid ပါတဲ့ 2.5 Liter Naturally Aspirated အင်ဂျင်တို့ ဖြစ်ကြပါတယ်။ ဘာပဲပြောပြော အခု ဒီဂျစ်တယ် ပုံကြမ်းထဲမှာ မြင်နေရတဲ့ GR Grand Highlander ဆိုတာ အမှန်တကယ်လည်း မထွက်သေးသလို ဝယ်လို့လည်း မရသေးတာ ဖြစ်ပေမယ့် အသစ်ထွက် Grand Highlander ရဲ့ ဈေးနှုန်း အသေးစိတ်တွေနဲ့ စတင် ရောင်းချမယ့် ရက်တွေကိုတော့ လာမယ့် နွေရာသီမှာ တင်သိရှိလာရတော့မှာပါ။

Ref: motor 1.com