Toyota GR Corolla ဆိုတာ ကတော့ ပြောစရာ မလိုလောက်အောင် နာမည်ရပြီးသားဖြစ်တဲ့ အတွက် သူ့ရဲ့နောက် Circuit Edition ကတော့ပိုလို့တောင် သာနေပါသေးတယ်။ GR Corolla ရဲ့ Limited Edition အနေနဲ့ တစ်နှစ်တာ ရပ်တည်ခဲ့တဲ့ အဆိုပါကားကို အခုဆိုရင် နောက်ထပ် တစ်နှစ်တော့ အနည်းဆုံး ဆက်ရှိ ထုတ်လုပ်ပေးနေဦးမှာ ဖြစ်တယ်လို့ သိလာရပါတယ်။ အခုလို ဆက်ထုတ်ပေးဦးမယ့် ကုမ္ပဏီ ရဲ့ ဆုံးဖြတ်ချက်ကတော့ Toyota GR Corolla ပရိသတ်တွေ အထူးသဖြင့် Circut Edition အားပေးသူတွေအဖို့ တကယ်အကြိုက် တွေ့စရာပါ။ ဒါပေမယ့် လက်ရှိ နှစ် အတွက် Circuit Edition ကား ထုတ်လုပ်မှုကတင် အစီးရေ ကို ၁,၅၀၀ စီး အထိပဲ သတ်မှတ် ထားခဲ့တာကြောင့် ရိုးရိုး 2023 GR Corolla ကား တွေရဲ့ တစ်နှစ်တာ ရောင်းအား အစီးရေ ၈,၀၀၀ နဲ့ယှဉ်ရင် သိသိသာသာကို နည်းပါးလွန်းတဲ့ ပမာဏလည်း ဖြစ်နေပါတယ်။

Photo Credit: AllAutoExperts

ကုမ္ပဏီ ဘက်ကတော့ ကားသစ်ကို လာမယ့် ၂၀၂၄ မတိုင်ခင်အထိ ရနိုင်ဦးမယ် ဆိုတာပဲ အတည်ပြုခဲ့ပြီး အခြားသော အသေးစိတ် အချက်အလက်တွေနဲ့ ထုတ်လုပ်ပေမယ့် ကားအရေအတွက်တွေကိုတော့ မဖော်ပြထား သေးပါဘူး။ အခု Circuit Edition ဆိုတာကတော့ ပုံမှန်ကားထက် ပိုပြီး Aggressive ဆန်ဆန်ပုံစံမျိုးကို ပေးနိုင်တဲ့အပြင် စွမ်းဆောင်ရည် ပိုင်းမှာလည်း သာလွန်မှု ရှိပြန်တာပါ။  အပြင်ဘက် ဒီဇိုင်း အရ သိသိသာသာ ကွဲပြားတာမျိုး ကတော့ အလုပ်လုပ်နိုင်မယ့် Vents တွေဖြစ်ပြီး အနက်ရောင် ခပ်ပြောင်ပြောင် အနောက်ဘက် Spoiler နဲ့ ကာဗွန်ဖိုက်ဘာ အမိုး ကိုလည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။ ကား ဘီးတွေမှာတော့ အနီရောင် GR Brand တံဆိပ်နဲ့ ဘရိတ် Calipers တွေကိုလည်း ထည့်ပေးထား ပါသေးတယ်။ အတွင်းခန်းမှာ ဆိုရင်တော့ အနီရောင် ကုပ်ထားတဲ့ Heated ထိုင်ခုံတွေ ကိုမှ လယ်သာသား အစစ်တွေ အုပ်ပေးထားကာ ၊ Heated စတီယာတိုင်နဲ့ Morizo တံဆိပ် ဂီယာအုံတွေကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခုကားသစ် ရဲ့ အရှေ့ဘက်မှာတော့ ပိုပြီး မောင်းလို့ ကောင်းစေမယ့် Limited-Slip Differential တွေကို သုံးပေးထား ပြီး အနောက်ဘက်မှာလည်း ကုပ်အား ပိုကောင်းအောင် ထည့်ပေးထားပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းအရ တော့ အခြားသော GR Corolla တွေနဲ့အတူတူ ဖြစ်တဲ့ Turbocharged 1.6 Liter Three-Cylinder အင်ဂျင်ကိုပဲ သုံးပေးထား တာပါ။ စွမ်းဆောင်ရည်ကတော့ 300 hp နဲ့ 273 lb-ft Torque အထိကို ရှိတာဖြစ်ကာ Six-Speed Manual ဂီယာနဲ့လည်း တွဲသုံးပေးထား သေးတာကြောင့် တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်နိုင်ဖို့ဆိုရင် ၅ စက္ကန့်ပဲ အချိန်ယူရမယ့် ကားကောင်း တစ်စီးပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts