အကြမ်းအခံနိုင်ဆုံး ကားတွေထဲ တစ်မျိုး အပါအဝင်လို့ ယူဆရမယ့် Toyota FJ Cruiser ကားတွေကတော့ အခု ဆိုရင် ထုတ်လုပ်မှုတွေ အဆုံးသတ်ရတော့မှာပါ။ ဒါပေမယ့် အဆုံးသတ်ရတယ့် အကြောင်းကို ခဏခဏကို ‌သတင်းတွေ ကြားနေရတာဖြစ်ပြီး အမေရိက ဈေးကွက်မှာ ဆိုရင် ၂၀၁၄ ကတည်းက ရပ်တန့်ခဲ့တာဖြစ်ကာ ဂျပန် ဈေးကွက် မှာတော့ ၂၀၁၇ အထိ ဆက်ရှိနေသေးပြီး အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းဒေသရဲ့ ကားဈေးကွက်တွေ အထူးသဖြင့် ‌ဆောဒီအာရေဗျမှာ ဆက်ရှိနေဆဲဖြစ်ပြီး ဆက်လက်လည်း ထုတ်လုပ်နေဆဲပါ။ ဒါပေမယ့် အခုတော့ ၁၉၅၅ ကတည်းက အဆိုပါ ဈေးကွက်မှာ Abdul Latif Jameel Motors ဆိုတဲ့ Toyota ရဲ့ တရားဝင် ဖြန့်ချီခွင့်ရ ကုမ္ပဏီကနေ စတင်လာခဲ့တဲ့ FJ Cruiser တို့ကို အမှန်တကယ် အဆုံးသတ်ရဖို့ ရှိလာ ပြန်ပါပြီ။ အခုဆိုရင် အဆိုပါ ဈေးကွက်ထဲမှာ လာမယ့် ဒီဇင်ဘာ မှာတင် FJ Cruiser တွေကို အပြီးသတ် ထုတ်လုပ်ကာ ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။

Photo Credit: motor 1.com

ဒါပေမယ့် အမှတ်တရ အနေနဲ့ 2023 Toyota FJ Cruiser ကားတွေကို အခြေခံ ကာ Final Edition ကားတွေ အဖြစ် အစီးရေ ၁,၀၀၀ ထုတ်လုပ် ပေးဦးမှာပါ။ အခုအထူးထုတ် ကားရဲ့ တရားဝင်ပုံရိပ်တွေကို သေချာ မမြင်ရသေး ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တုန်းက ဂျပန်ဈေးကွက်ထဲမှာ အပြီးသတ် ထုတ်လုပ်ခဲ့စဉ်တုန်းက ဖန်တီးပေးခဲ့ တဲ့ FJ Cruiser Final Edition တွေနဲ့ အတော်လေးတူညီမယ်လို့ သိရပါတယ်။ အခု ဆော်ဒီအာရေဗျ ဈေးကွက် အတွက် Final Edition အသစ်တွေမှာလည်း အရောင်တစ်ရောင်တည်းနဲ့ အတွင်းအပြင် Trims တွေ သုံးလာဖို့ရှိပါတယ်။ ဒါ့အပြင် ကားရဲ့ အပြင်ဘက်နေရာတွေဖြစ်တဲ့ Grille ၊ ဘန်ဘာ တွေနဲ့ ဘက်ကြည့်မှန်တွေ ၊ တံခါး လက်ကိုင်တွေနဲ့ တာယာအပို အကာနေရာတွေမှာ အနက်ရောင် အပြင်အဆင်လေးတွေကိုထင်ရှားစေဖို့ ထည့်ပေးထားဦးမှာပါ။ ဒါ့အပြင် ကားရဲ့ သီးသန့်ဆန်မှု အထူးထုတ်ဖြစ်တယ် ဆိုတာကို သိသာစေမယ့် တံဆိပ် တွေကိုလည်း အထူးတပ်ဆင် ပေးထားဖို့ ရှိပါသေးတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အင်ဂျင်ပိုင်း ကတော့ သာမန်ကားနဲ့ အတူတူပဲ ဖြစ်ကာ 4.0 Liter V6 Engine ကိုပဲ သုံးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည် ပိုင်းကလည်း 270 hp နဲ့ 280 lb-ft Torque အထိကို ရှိမှာပါ။ ဒါ့အပြင် လမ်းကြမ်းမောင်းဖို့အတွက် အသုံးတည့်မယ့် Active Traction Control (A-TRAC) ၊ Crawl Control ၊ Vehicle Stability Control (VSC) စနစ်တွေကိုက အစ ထည့်သွင်းပေးထားပြီး အလိုအလျောက် ထိန်းချုပ်ပေးနိုင်မယ့် Locking Rear Differential ကိုလည်း ထည့်ပေးထားဦးမှာပါ။ 2023 Toyota FJ Cruiser Final Edition အသစ် တွေကိုတော့ အခုနှစ်ကုန်ပိုင်း လောက်မှာတင်ပဲ ရောင်းချရလာနိုင်ပြီး ဈေးနှုန်းတွေတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com