ဂျပန် ထိပ်တန်း ကားကုမ္ပဏီကြီး Toyota မှာတော့ သာမန်ဆိုရင် လက်လှမ်းမမှီ မသိနိုင် လောက်သေးတဲ့ အခြားသော လုပ်ငန်းအခွဲတွေ အများကြီး ရှိလို့နေပါသေးတယ်။ အဆိုပါ လုပ်ငန်းတွေထဲက တစ်ခုကတော့ အနာဂါတ် နည်းပညာသစ် တွေကို ဦးဆောင် ဖန်တီးနေတဲ့ Woven Planet ဆိုတဲ့ လုပ်ငန်းပါပဲ။ မကြာသေး မီကပဲ အဆိုပါ လုပ်ငန်းက မောင်းသူမဲ့ နည်းပညာ တစ်ချို့ ချပြခဲ့သလို Lidar အစား ပိုကောင်းတဲ့ ကင်မရာ စနစ်တွေ ကိုလည်း သုံးပြထားခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ နောက်ထပ် Project အများအပြားကို ဖန်တီး နေတဲ့ Woven Planet တို့တော့ အခုဆိုရင် ‌သူတို့ရဲ့ နောက်ဆုံးပေါ် တီထွင်မှုတစ်ခုကို ကမ္ဘာကို ချပြလိုက် ပါပြီ။ အဲ့ဒါကတော့ လက်တစ်ကိုင်စာ သယ်ဆောင်သွားနိုင်မယ့် Portable Hydrogen Cartridge ပါပဲ။ Woven Planet ရဲ့ အဆိုအရတော့ အဆိုပါ ဟိုက်ဒရိုဂျင် အိုးလေးက လူတိုင်းရဲ့ နေ့စဉ် သွားလာလှုပ်ရှားမှု တွေ အတွက် အထောက်အကူ ပြုနိုင်ပြီး အိမ်ထဲမှာပဲ ဖြစ်ဖြစ် အိမ်ပြင်မှာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ နေရာတွေမှာ စနစ်တကျ သုံးနိုင်မယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

လက်ရှိမှာတော့ စမ်းသပ်ဆဲ Prototype ပဲ ရှိသေးသလို ဈေးကွက်ထဲ မရောက်ခင် စမ်းသပ်စရာ အဆင့်တွေ လည်း အများကြီး ရှိနေပါသေးတယ်။ Toyota နဲ့ Woven Planet တို့ ကတော့ အခု နည်းပညာကို Concept အဆင့်မှာတင်ပဲ စမ်းသပ်မှုတွေ အများကြီး ပြုလုပ်နေခဲ့တာပါ။ အဆိုပါ စမ်းသပ်ချက်တွေကိုတော့ လူသား အခြေပြု အနာဂါတ်ရဲ့ Smart City အဖြစ် ဖော်ညွှန်းထားတဲ့ Woven City ထဲမှာပဲ ပြုလုပ်နေခဲ့တာ ဖြစ်ပြီး နေရာကတော့ ဂျပန် နိုင်ငံ ရှင်ဇူကာစီရင်စု ထဲမှာရှိတဲ့ Susono မြို့ထဲမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လာမယ့် အနာဂါတ် ပို့ဆောင် ဆက်သွယ် ရေးပိုင်း စွမ်းအင်သုံးစွဲမှုတွေ မှာတော့ Toyota တို့က ဟိုက်ဒရိုဂျင် စွမ်းအင်ဘက်ကို ကောင်းကောင်း ယုံကြည်နေဆဲ ဆိုတာ သေချာပါတယ်။ လက်ရှိမှာလည်း အမေရိကမှာ ဟိုက်ဒရိုဂျင် ကားတွေ ထုတ်လုပ်ဖို့ အတွက် စက်ရုံ ၂ ရုံ ကို ကမ်းလှမ်းထား တာမျိုးတွေ ရှိနေပါတယ်။ သူတို့ရဲ့ နာမည်ကျော် ဟိုက်ဒရိုဂျင်ကားဖြစ်တဲ့ Mirai မှာ တစ်ချို့ သော  ဖြေရှင်းစရာ လေးတွေ ရှိကောင်း ရှိနိုင်ပေမယ့်လည်း တကယ်ကောင်းတဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကားတစ်စီး ဖြစ်တယ် ဆိုတာကိုတော့ လက်ခံရမှာပါ။

အခု Woven Planet က ဖန်တီးထားတဲ့ ဟိုက်ဒရိုဂျင် အိုးလေးတွေကို ဘယ်လိုနေရာမှာ ဘာကြောင့် လိုအပ် နိုင်မလဲ ကြည့်ကြရအောင်ပါ။ အရွယ်အစား အားဖြင့်တော့ ၁၆×၇ လက်မ ပတ်လည်နဲ့ ၁၁ ပေါင် လောက်ပဲ လေးတဲ့ အဆိုပါ Cartridge လေးက အတော်လေး အသုံးဝင်ပြီး ဘက်ထရီ အကြီးတစ်လုံးကို ကိုယ်နဲ့မကွာ သယ်ထားသလို ဖြစ်နေမှာ ပါ။ အထူးသဖြင့် ကားမှာဆိုရင်လည်း ဟိုက်ဒရိုဂျင် မရှိတော့ရင် ဒီအိုးလေးကို အလွယ်တကူ ဖြုတ်တပ် လိုက်ရုံပါပဲ။ နေ့စဉ် လက်တွေ့ဘဝမှာ ဆိုရင်လည်း လျှပ်စစ်မီး ကောင်းကောင်း မရနိုင်သေးတဲ့ ဝေးလံခေါင်ဖျား နေရာဒေသတွေ မှာပါ အလွယ်တကူ သုံးနိုင်သလို သဘာဝဘေး ကြုံပြီးပြီး ချင်း မီးမရတာမျိုးမှာပါ အရေးပေါ် သုံးနိုင်ပါတယ်။ အခု သရုပ်ပြပုံ ထဲမှာ မြင်ရသလိုပဲ အခုပစ္စည်းလေးကို မော်တော် ဆိုင်ကယ် ၊ မောင်းသူမဲ့ ဒရုန်းယာဉ် ၊ မြို့တွင်းသွား ကားသေးလေးနဲ့ Heat Source လို အရာမျိုး တွေအတွက်ပါအသုံးပြုနေနိုင်တာပဲ ဖြစ်ပါတယ်။ Toyota ကတော့ အခုပစ္စည်းလေးနဲ့ ပတ်သက်လို့ ကာဗွန် ထုတ်လုပ်မှု လုံးဝမရှိတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဂျပန်ကနေ တစ်‌ဆင့် တစ်ကမ္ဘာ လုံး ရလာစေချင်တာ ဖြစ်တယ်လို့ ညွှန်းဆို ထားပြီး အနာဂါတ်ရဲ့ သန့်ရှင်းတဲ့ Hydrogen စွမ်းအင်ကိုလည်း Woven Planet နဲ့ ပူးပေါင်းကာ ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် Woven City တစ်ဝိုက်မှာ အခုလို ပစ္စည်းလေးတွေနဲ့ အနာဂါတ်ရဲ့ နေ့စဉ်လှုပ်ရှား သွားလာမှု ပုံစံတွေကိုပါ သရုပ်ပြလာ နိုင်တော့မှာ ဖြစ်သလို တကယ့် လက်တွေ့ဘဝ ထဲမှာဆိုရင်လည်း ဟိုက်ဒရိုဂျင်ကို တကယ်ဘေးထွက် ဆိုး ကျိုးမရှိမယ့် နည်းပညာသစ် တစ်ရပ်အဖြစ် အသုံး ပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com