လျှပ်စစ်နဲ့ ပေါင်းစပ်ထားတဲ့ Fuel Cell တွေတင်မကပဲ ဟိုက်ဒရိုဂျင်နဲ့ပဲ သီးသန့် မောင်းနှင်မယ့် အနာဂတ် ကားတွေ ကို Toyota တို့က ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး အခုဆိုရင်လည်း Corolla Cross H2 ကားကိုမှ သာမန် ဓာတ်‌ဆီ ၊ ဒီဇယ်အစား ဟိုက်ဒရိုဂျင် ပြောင်းသုံးပြထားတဲ့ Concept တစ်စီးကို စမ်းသပ်နေခဲ့ပြန်ပါတယ်။ တကယ်တော့ အဆိုပါ ကားမှာလည်း နဂိုကားလိုပဲ 1.6 Liter Turbocharged Three-Cylinder အင်ဂျင်ကိုပဲ ပြန်သုံးထားတာ ဖြစ်ပြီး ထူးခြားတာကတော့ အခုအင်ဂျင် လည်ပတ်ဖို့အတွက် ဟိုက်ဒရိုဂျင်ကိုသုံးထားတာပါ။ လက်ရှိ Toyota ရဲ့ ပြိုင်ကား Series တွေထဲမှာဆိုရင်လည်း ဟိုက်ဒရိုဂျင်သုံး GR ကားကို အသုံးပြုနေတာဖြစ်ပြီး World Rally Championship ပွဲကြီးမှာတုန်းကလည်း ဟိုက်ဒရိုဂျင်သုံး GR Yaris တစ်စီးကို အလားတူပဲ ပြသခဲ့ဖူးပါတယ်။

Photo Credit: motor 1.com

သာမန် အင်ဂျင်နဲ့ ဟိုက်ဒရိုဂျင်တို့ အခုလို ပေါင်းစပ်ထားတဲ့ နည်းပညာမှာတော့ Toyota ဟာ ဟိုက်ဒရိုဂျင် လောင်ကျွမ်းနှုန်းကို ၂၄ % အထိကို မြှင့်တင်ထားပြီး သာမန်ဓာတ်ဆီ အင်ဂျင်တွေရဲ့နှုန်းနဲ့လည်း အတူတူ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် တစ်ကြိမ်ဖြည့်ထားရင် ပြန်မောင်းနိုင်မယ့် Range ပမာဏကလည်း ယခင်ထက် ၃၀% လောက်ကို ပိုတိုးလာခဲ့ပြီး ပြိုင်ကားပွဲတွေတုန်းကဆိုရင် စွမ်းအင်ပြန်လည် ဖြည့်တင်းဖို့အတွက် ၁ မိနစ်ခွဲ ဝန်းကျင် လောက်ပဲ အချိန်ယူခဲ့ ရတာပါ။ ဒါတောင်မှ ပြိုင်ကားအတွက် ကြာချိန်ဖြစ်ပြီး အခုလို Corolla ကားလေးအတွက် ဆိုရင်တော့ မျက်စိတစ်မှိတ်စာလောက် အတွင်းတင်အားပြည့်မယ့် သဘောဖြစ်ပါ တယ်။ ဒါပေမယ့်လည်း အခု နည်းပညာမှာ သာမန် Corolla ကားထဲ ဟိုက်ဒရိုဂျင်ကန်လေး ထည့်မောင်းလိုက် သလောက်တော့ မရိုးရှင်းတာ အမှန်ပါပဲ။ အခု H2 Concept အတွက်ကိုဆိုရင် ယခင်ထုတ်လုပ်ထား ပြီးသား ဟိုက်ဒရိုဂျင် သီးသန့်ကား Mirai Sedan ရဲ့ အထူးပုံစံ တိုင်ကီကို အသုံးပြုနေတာဖြစ်ပြီး အင်ဂျင်ပိုင်းကိုလည်း ဟိုက်ဒရိုဂျင် ခပ်ပြင်းပြင်း မြန်မြန် ဝင်ရောက်တာ ခံနိုင်ဖို့ ပြင်ဆင်ပေးထား ရပါသေးတယ်။ လက်ရှိမှာတော့ အဆိုပါ Concept ကို ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ စတင်စမ်းသပ်လာနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခု နည်းပညာသစ်နဲ့ ကားရဲ့ ရည်ရွယ်ချက်ကလည်း ကာဗွန်ကင်းစင်ရေး ရည်မှန်းထားတဲ့ Toyota ရဲ့ အနာဂတ် အတွက်ဖြစ်ပြီး အခြား ကုမ္ပဏီတွေနဲ့ မတူတာကတော့ Toyota က လျှပ်စစ်စွမ်းအင် တစ်မျိုးတည်းကို အားမကိုး ချင်တာပဲ ဖြစ်ပါတယ်။ အခု ကားတင် မဟုတ်သေးပဲ Mirai ဆီက Fuel Cell နည်းပညာကိုယူပြီး ဟိုက်ဒရိုဂျင် စွမ်းအင် ပြောင်းသုံးထားမယ့် Toyota Hilux ကားကိုလည်း မကြာသေးမီကမှ Prototype အဆင့်အနေနဲ့ ပြသခဲ့ ပါသေးတယ်။ တစ်ဖက်မှာလည်း လျှပ်စစ်ကား ဈေးကွက်ကို လုံးဝလက်မလွှတ်သေးတဲ့ သဘောနဲ့ Hybrid တွေ ၊ Plug-In Hybrid တွေကိုပါ ဆက်လက် ထုတ်လုပ်ပေးနေသေးတာ ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း လတ်တလောမှာ တော့ နည်းပညာ အကန့်အသတ်တွေကြောင့် သာမန်လမ်းမထက်က ကားတွေအကုန်လုံးဆီကို ဟိုက်ဒရိုဂျင် စွမ်းအင်နဲ့ သုံးနိုင်လိမ့်မယ်လို့တော့ မယူဆနိုင် သေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com