ကားသစ်တွေ ကြိုးစား ထုတ်လုပ်ရာမှာတော့ အခုနောက်ပိုင်း ကုမ္ပဏီတွေ အများစုက လျှပ်စစ်ကားတွေ ဘက်ကို ပြောင်းပြီး ခေတ်သစ်တစ်ခုကို စတင်လာနေကြတာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီတွေ ထဲမှာတော့ Toyota လည်း ပါဝင်လာခဲ့ပြီဖြစ်ပြီး အခြားသော ကုမ္ပဏီအများစုနည်းတူ လာမယ့် ၂၀၄၀ အရောက်မှာ ဥရောပဈေးကွက် အတွင်း ကာဗွန်လုံးဝ ကင်းစင်တဲ့ လုပ်ငန်းတစ်ခုဖြစ်အောင် ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရတော့ လာမယ့် ၂၀၃၅ ကတည်းကစလို့ ဥရောပနဲ့ ယူကေက ကားသစ်တွေ အားလုံးမှာ ကာဗွန်ထုတ်လုပ်မှုကို ၁၀၀% မပါဝင်တော့အောင် လုပ်ယူသွားတော့မယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် ၁၀ နှစ် ၁၅ နှစ်လောက် အတွင်းမှာ တင်ပဲ Toyota ဆီမှာ ဘက်ထရီ လျှပ်စစ်သီးသန့် ကားတွေ ၊ Plug-In Hybrid ကားတွေ ၊ လျှပ်စစ် တစ်မျိုးတည်း အပြင် သာမန် အင်ဂျင်ကိုမှ ကာဗွန်လျော့ကျ စေမယ့် Hybrid တွေစသဖြင့်ပဲ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဓိက အားဖြင့် အခုလိုမျိုး ရည်မှန်းချက်ထား လုပ်ဆောင်တဲ့ နေရာမှာ စီးပွားရေးပိုင်းအရရော လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်ပြီး အထူးသဖြင့် ကုန်ကြမ်း အစိတ်အပိုင်း အထောက်အပံ့ပိုင်းတွေမှာ ဖြစ် လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Toyota အနေနဲ့လည်း အောင်မြင်နိုင်ဖို့အတွက် ပူးပေါင်း ကုမ္ပဏီတွေ ကုန်ကြမ်း ထောက်ပံ့ သူတွေနဲ့ လက်တွဲလုပ်ကိုင်သွားဦးမှာ သေချာပါတယ်။ ဒါကြောင့်လည်း ကားတွေကို တင်မကပဲ ထုတ်လုပ်တဲ့ စက်ရုံတွေကိုပါ အခု ဆယ်စုနှစ်ကုန်ကစလို့ ဥရောပအတွင်း ကာဗွန်ထုတ်လုပ်မှု မရှိတဲ့ စက်ရုံတွေအဖြစ် ပြောင်းပစ် ဖို့ Toyota တို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ယူကေမှာရှိတဲ့ Deeside စက်ရုံမှာ အမှိုက်တွေရဲ့ ၉၀ % ကို ပြန်လည် အသုံးပြုပြီး စွမ်းအင်ထွက်အောင် လုပ်ဆောင် ထားနိုင်ပါတယ်။ ဒါကြောင့် အဆိုပါ စက်ရုံကလည်း ၂၀၂၅ အမှီကို ကာဗွန်ကင်းစင် စက်ရုံဖြစ်လာနိုင်ပြီး ဘောလုံး ကွင်း ၁၀ ကွင်းစာနဲ့ ညီမျှတဲ့ ဆိုလာပြားတွေ ကိုလည်း ကုမ္ပဏီဘက်က တပ်ဆင်ကာ သဘာဝစွမ်းအင်ကို အသုံးပြုနေပါသေးတယ်။

Photo Credit: motor 1.com

လတ်တလော မှာတော့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ Toyota ကားတစ်ချို့ကို ချပြတာမျိုးတွေလည်း ကုမ္ပဏီ ဘက်က လုပ်ဆောင်လာနေပြီး မျိုးဆက်သစ် ခပ်ပြတ်ပြတ် ဒီဇိုင်းနဲ့ C-HR Prologue Concept ကိုလည်း မကြာခင် က မြင်ထားရပါသေးတယ်။ တကယ်တမ်း ထုတ်လုပ်ဖြစ်မယ်ဆိုရင် ဒီဇိုင်း အပြောင်းအလဲ လေးတစ်ချို့ တော့ရှိလာနိုင် သေးပေမယ့် Concept မှာမြင်ရတဲ့ Aggressive Design ကိုတော့ ဆက်သုံးလာဖို့ များပါတယ်။ ဒါ့အပြင် နောက်ပိုင်း Crossover ကားသစ်တွေအတွက် Battery တွေကိုလည်း ဥရောပမှာပဲ ထုတ်လုပ်မှာ ဖြစ်ကာ ကုမ္ပဏီ ရဲ့အခွဲ Lexus ကပါ သူတို့ရဲ့ နောက်ထွက်လာမယ့် LFA ကားတွေ အကုန်လုံး က Manual Gear နဲ့ တွဲသုံးပေးထားမယ့် လျှပ်စစ်ကားသစ်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောကြားထားပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Toyota တို့က ဟိုက်ဒရိုဂျင်စွမ်းအင်ပိုင်းကို ဆက်လက် အားစိုက်နေသေးတာ ဖြစ်ပြီး အခု ရက်ပိုင်းထဲမှာပဲ သာမန် အင်ဂျင်ကို ဟိုက်ဒရိုဂျင်နဲ့ လည်ပတ်တဲ့ Corolla Cross H2 Concept ကို ချပြထားပြီးပါပြီ။ နောက်ပိုင်းမှာ ဟိုက်ဒရိုဂျင်သုံး Hilux Concept တစ်မျိုးကိုလည်း ချပြဖို့ ရှိသေးတာ ကြောင့် လာမယ့် ဆယ်စုနှစ်အတွင်း Toyota ရဲ့ ကာဗွန်ကင်းစင် ရေး ခြေလှမ်းတွေက ပိုသွက်လာနေပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com