သစ်သားနဲ့ ဖန်တီးထားတဲ့ ပုံစံတူကားလေးတွေဆိုတာ ခဏခဏမြင်ရလို့ သိပ်ပြီး ထူးဆန်းလှတယ် မဟုတ် ပေမယ့်လည်း များသောအားဖြင့် Supercar တွေ ၊ Sports ကားတွေအပြင် သမိုင်းဝင် နာမည်ကျော် ကားတွေကိုပဲ ပြန်လည် ဖန်တီးကြတာ မြင်ဖူးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက် Woodworking Art ဆိုတဲ့ YouTube Channel ကနေ ရိုက်ကူးပြထားတဲ့ သစ်သားကားလေး တစ်စီးကတော့ ထူးထူး ခြားခြားပဲ Toyota Camry ကားဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ ကားလေးက အမေရိကဈေးကွက်ထဲမှာ ဆိုရင်ဆယ်စုနှစ် ၂ ခု အတွင်း ရောင်းအား အကောင်းဆုံး ဖြစ်ထား ခဲ့တာကြောင့် အခု သစ်သားပုံစံတူ ကားလေးက ရှားပါး ကားတွေတင် မဟုတ်ပဲ အစီးရေများများ ထုတ်ပေးတဲ့ ကားတွေအတွက် ပထမဆုံး ပုံတူကားလေး ဖြစ်လာပါတယ်။
ဒါပေမယ့် သေချာတာကတော့ မလွယ်ကူတဲ့ ဖန်တီးမှုတစ်ရပ်ပဲဖြစ်ပြီး အခြေခံဖန်တီးထားတဲ့ ကားကလည်း မျိုးဆက် ၈ ခုမြောက် Sport ဆန်ဆန် XV70 ကားဖြစ်တာကြောင့် အတော်လေး အနုစိတ် ပါတယ်။ အဓိက ကတော့ ကားရဲ့ ဘေးဘက်က Lines တွေ အကွေးတွေ အနားသတ်တွေကသစ်သား ကားတစ်စီး ဖန်တီးဖို့ အတွက်တော့ တော်တော် လေးကို လက်ဝင်တယ်လို့ ဆိုရမှာပါ။ Video ထဲမှာ မြင်ရသလောက် ကတော့ အဆင့်ဆင့်တိုင်းက ရှုပ်ထွေးပြီးအထူးသဖြင့် ကားအရှေ့နဲ့ အနောက်ဘက်တွေက အတော်လေးကို အသေးစိတ်ပြင်ဆင်ရတာ ဖြစ်ပါတယ်။ ခပ်ရှုပ်ရှုပ် Grille ပိုင်းနဲ့ ကွေ့ကောက်နေတဲ့ လိုင်းတွေက တကယ့် ကို လက်စွမ်းပြရတဲ့ နေရာပါပဲ။ သစ်သား ကားလေး ဆိုပေမယ့်လည်း တကယ်ကို လှုပ်လို့ဖွင့်လို့ရတဲ့ တံခါးတွေ ၊ အင်ဂျင်စက်ဖုံး ၊ ဘေးဘက်မှန်တွေနဲ့ ဘီးတွေကလည်း ကျေနပ်စရာကောင်းလို့ နေပါတယ်။ ကားက အပြင်ပိုင်းတင် တူအောင် ဖန်တီးထားနိုင်တာ မဟုတ်ပဲ အတွင်းခန်းကိုလည်း သေသေသပ်သပ် ရသလောက် ပြင်ဆင်ပေးထားသေးကာ စတီယာတိုင်ပိုင်းတွေနဲ့ အရှေ့ အနောက် Suspension ပိုင်းတွေကအစ အနု စိတ်ထည့်သွင်း ပေးထားပါသေးတယ်။
အခု ကားလေးပြီးစီးဖို့ အတွက် ရက်ပေါင်း ၃၅ ရက် လောက်ကြာမြင့်ခဲ့ပြီး သစ်သားပိုင်းကတော့ Fokieni ဆိုတဲ့ အမျိုး အစားကို သုံးထားတာ ဖြစ်ပါတယ်။ ကားကို သစ်သားနဲ့ ထွင်းထုပေးဖို့အတွက် လိုအပ်တဲ့ သစ်သားပိုင်း ဖြတ်တောက် တာတွေနဲ့ အခြားအသေးစိတ် ပြင်ဆင်မှုတွေကိုလည်း အချိန်ယူ လုပ်ဆောင် ရပါသေးတယ်။ လက်ရှိမှာတော့ အခု ပုံစံ တူ သစ်သားကားလေးကို ရောင်းချထားပြီး ဈေးနှုန်းမသိရသေး ပေမယ့်လည်း ဝယ်ယူသူ အဖို့ကတော့ အတော်လေး ကို အမှတ်တရဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။
Ref: motor 1.com