ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းတုန်းက အမေရိကန်နိုင်ငံ ၊ လော့အိန်ဂျလိပ်စ် ကားပြပွဲကြီးမှာ စမြင်ခဲ့ရတဲ့ Toyota bZ Compact SUV Concept ကားသစ်ဟာ ဥရောပ ဈေးကွက်ပွဲ အထွက်မှာလည်း အတော်ကို အာရုံစိုက် ခံနေရပါတယ်။ အဆိုပါ လျှပ်စစ် Crossover ကားသစ်ကို ဘယ်ဂျီယံ နိုင်ငံ ၊ ဘရပ်ဆဲမြို့ရဲ့ Kenshiki Forum မှာ ဥရောပအတွက် စတင် ချပြခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၆ မှာ ဥရောပအတွက် အသစ် မိတ်ဆက်ဖို့ ရည်ရွယ်ထားတဲ့ လျှပ်စစ်ကားသစ် ၆ စီး ထဲက တစ်စီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ပြင်သစ်မှာပြန်ပြီး ဒီဇိုင်းဆွဲထားတဲ့ ပုံရိပ်အသစ်တွေကို တစ်ကျော့ပြန်မြင်လာ ရပြန်ပါပြီ။ အခုမြင်ရတဲ့ Concept အသစ်မှာတော့ အရှည် ၁၇၈.၆ လက်မ ၊ အကျယ် ၇၄.၃ လက်မ နဲ့အတူ အမြင့် ၆၁.၄ လက်မအထိ ရှိတာ ဖြစ်ပါတယ်။ ကားသစ်ရဲ့ ဘီးတွေကတော့ ၂၁ လက်မ အထိကို ရှိတာ ဖြစ်လို့ အခု ပမာဏတွေအတိုင်း တကယ်တမ်း ထုတ်လုပ်တဲ့ အဆင့်မှာ ဘယ်လောက်အထိ တူညီလာမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိ အချိုးအစားတွေအတိုင်း ဆိုရင်တော့ RAV4 ထက် ပိုတိုတာဖြစ်ပြီး  အခြားသော bZ Model တွေလိုပဲ လျှပ်စစ် ကား စံနှုန်းတွေအတိုင်း ဖန်တီးထားတာပါ။ အစောပိုင်းမှာ မြင်ထားခဲ့ရတဲ့ C-HR Prologue ကားနဲ့လည်း ခြုံကြည့်မယ်ဆိုရင် ဒီဇိုင်းပိုင်းအရ ဆင်တူသလို ရှိတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကားကိုကြည့်လိုက်တာနဲ့တင် သိသိသာသာကွဲပြားနိုင်တဲ့ တစ်ချက်ကတော့ ကားရဲ့ အရှေ့မှာ တပ်ဆင်ပေးထား တဲ့ LED Light Bar ပါပဲ။ အတွင်းခန်း ပိုင်းကတော့ ရိုးရိုးနဲ့ရှင်းရှင်းကိုမှ ယခင်သုံးနေကျ ခလုတ်တွေ ပွနေအောင် မပါလာတော့မယ့် Infotainment Screen အကြီးစားကြီး တစ်ခုထဲမှာတင် အရာရာထိန်းချုပ်လို့ရ အောင် ထည့်ပေးထားလိုက်ပါတယ်။ ဒါပေမယ့် ပိုပြီးသုံးရ လွယ်ကူအောင် Touchscreen ဘေးမှာ အပူချိန်ထိန်းတဲ့ Climate Control တွေ ၊ လမ်းညွှန်ပိုင်းတွေနဲ့ သီချင်း အတိုးအကျယ် စတာတွေကိုတော့ Shortcut ခလုတ်လေးတွေ အနေနဲ့ ထည့်ပေးထားပါသေးတယ်။ ဒါ့အပြင် ဂီယာ သင်္ကေတ ခလုတ်လေးနဲ့ အတူ ဘယ်ဘက်မှာတော့ Main Menu ကို အလွယ်တကူပြန်သွားနိုင်မယ့် Home Key လေးလည်း ထည့် ပေးထားတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

နောက်တစ်ချက် ထူးခြားတာကတော့ သာမန် စတီယာတိုင် အဝိုင်းနဲ့မတူတဲ့ လေးထောင့်တစ်ဝက် ဒီဇိုင်းကို သုံးထားတာဖြစ်ကာ ကားရဲ့ ဘီးပုံစံတွေကိုက အစ Octagon အပိုင်းလို သုံးထားတာပဲ ဖြစ်ပါတယ်။ ယခင် Corporate Logo အစားကိုလည်း Toyota bZ ဆိုတဲ့ စာသားလေးကို ရိုးရိုးရှင်းရှင်း အစားထိုး ထည့်ပေးထားပါတယ်။ နောက်တစ်ချက်ကတော့ ကားရဲ့ Driver Screen နဲ့ Touchscreen တွေကို အောက်ခြေမှာ အနည်းငယ်လေး ကွေးထားတာ တွေ့ရတာကြောင့် နောက်ပိုင်း ကားလောကမှာပါ Screen အကွေးအခေါက်တွေကို မြင်လာရဖို့ ရှိနေပါပြီ။ တစ်ချိန်တည်းမှာလည်း ဒုတိယမြောက် မျိုးဆက် C-HR ကားသစ်က ဈေးကွက်ထဲရောက်ခါနီးပြီ ဖြစ်ပြီး အခု ကားသစ်ကို ဘယ်အချိန်မှာ မြင်လာရမလဲဆိုတာ မသိရသေးပေမယ့် ၂၀၂၄ မတိုင်ခင်လောက် ဖြစ်လာ လိမ့်မယ်လို့တော့ ခန့်မှန်းရပါတယ်။

Ref: motor 1.com