ဂျပန်ကုမ္ပဏီကြီး Toyota ကတော့ အမေရိကမှာ အခြေစိုက်ထားတဲ့ သူတို့ရဲ့စက်ရုံတွေအတွက် အမေရိကန် ဒေါ်လာ ၃၈၃ သန်း အထိကို ရင်းနှီး မြုပ်နှံ သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အဓိက ကတော့ Toyota တံဆိပ် နဲ့ ရော Lexus အနေနဲ့ပါ Four-Cylinder Engine နဲ့ ကားအသစ် တွေ ထုတ်လုပ် သွားဖို့ အဓိက ရည်ရွယ် ပါတယ်။ ဒါကြောင့်လည်း အမေရိက ဈေးကွက် ထဲက Hybrid အင်ဂျင်နဲ့ ကားတွေကိုမှ ကြိုက်တဲ့ သူတွေအဖို့ ပိုပြီး အဆင်ပြေသွား စေတော့မှာပါ။ Toyota ရဲ့ ကားထုတ်လုပ်ရေးနဲ့ အင်ဂျင်နီယာပိုင်း Senior Vice President ဖြစ်သူ Norm Bafunno ကတော့ Toyota ကား ပရိသတ် တွေက စွမ်းအင် ချွေတာ နိုင်ပြီး လျှပ်စစ် စွမ်းအင် ပါ ပေါင်းစပ် ပေးထားမယ့် ကားမျိုးတွေ ကို ပိုလိုချင်လာ ကြပြီဖြစ်ကာ အခု ရင်းနှီး မြုပ်နှံမှု အသစ် ကြောင့် ဈေးကွက် လိုအပ် ချက် ‌အတွက်လည်း အဆင်ပြေစေသလို စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင် နိုင် တော့မယ် လို့ ဆိုခဲ့ ပါတယ်။ အခု ရင်းနှီးမြုပ်နှံမှု ရဲ့ အဓိက အဆင့်မြှင့်တင်မှုတွေ ကို အလာဘားမား ၊ ကန်တက်ကီ ၊ မစ္စရီ နဲ့ တန်နက်ဆီ ပြည်နယ် တွေက ကုမ္ပဏီ ပိုင် စက်ရုံတွေ မှာ အဓိက ပြုလုပ်သွားမှာ ဖြစ် ပါတယ်။

Photo Credit: CARBUZZ

ဒါကြောင့် Toyota အလာဘားမား စက်ရုံ ဆိုရင် သာမန် အင်ဂျင်သုံး ကားတွေ ၊ Hybrid ကားသစ်တွေ အတွက် Four- Cylinder အင်ဂျင် တွေကို ပိုထုတ်လုပ်ပေးနိုင်တော့မှာ ဖြစ်ပြီး မြေနေရာအရလည်း ၁၁၄,၀၀၀ စတုရန်းပေ အထိကို ချဲ့သွားမှာ ပါ။ ဒါကြောင့် လက်ရှိမှာ တစ်နှစ်ကို အင်ဂျင်သစ် အလုံးရေ ၉၀၀,၀၀၀ အထိ ထုတ်လုပ် ပေးနေတာထက် ကိုပဲ ပိုသွားတော့မှာ ဖြစ်ပါတယ်။ Toyota ကန်တက်ကီ စက်ရုံကိုကတော့ Four-Cylinder Engine တွေ ထုတ်နိုင်ဖို့ အဓိက ချဲ့ထွင်သွားတော့မှာဖြစ်ပြီး တစ်နှစ်ကို အလုံး ရေ ၆၀၀,၀၀၀ လောက် အထိ တိုးမြှင့် ထုတ်လုပ်နိုင်ပါလိမ့်မယ်။ လက်ရှိ မှာတော့ အဆိုပါ စက်ရုံက Toyota အတွက် အကြီးဆုံးဖြစ်နေပြီး Toyota နဲ့ Lexus Model တွေ စုစုပေါင်း ၇ မျိုး အထိကို ထုတ်လုပ် ပေးနေတာပါ။ အဆိုပါ ကားတွေထဲမှာတော့ Lexus ES Hybrid ၊ Camry နဲ့ RAV4 Hybrid အမျိုးအစား တွေလည်း ပါဝင် ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Six-Cylinder Engine တွေ ကိုပါ ထုတ်လုပ် ပေးနေပြီး အခု ရင်းနှီး မြုပ်နှံမှုထဲကနေ ဒေါ်လာ ၈.၅ သန်းခန့် အခု စက်ရုံမှာ သုံးသွားဖို့ ရှိနေပါတယ်။

Photo Credit: CARBUZZ

Toyota ရဲ့ မစ္စရီ စက်ရုံ မှာကတော့ Four-Cylinder Engine တွေ ထုတ်လုပ်နိုင်မယ့် စက်ကိရိယာ အသစ် တွေကို တပ်ဆင်ပေးသွားမှာ ဖြစ်ပြီး လက်ရှိ အချိန်အထိ အခု စက်ရုံထဲမှာ ဒေါ်လာ ၅၆၄ သန်း အထိကို ရင်းနှီး မြုပ်နှံထား ခဲ့ပြီး ဖြစ်ကာ Cylinder Heads အစိတ် အပိုင်းပေါင်း ၃ သန်း အထိကို နှစ်စဉ် ထုတ်လုပ် ပေးနေတာပါ။ Toyota တန်နက်ဆီ စက်ရုံမှာ ဆိုရင်တော့ Four-Cylinder Engine အသစ်တွေ ထပ်မံ ထုတ်လုပ်ဖို့ အတွက်ပဲ အားစိုက် သွားမှာ ဖြစ်ပြီး လက်ရှိမှာလည်း တစ်နှစ်ကို အဆိုပါ အင်ဂျင် Blocks အပိုင်းပေါင်း ၂ သန်း လောက်အထိ ထုန်လုပ် ပေးနေတာ ဖြစ်ကာ ဒေါ်လာ ၄၂၅ သန်း လောက် အထိ လည်း ရင်းနှီးထား ပြီး ဖြစ်ပါတယ်။ အခု လိုမျိုး အမေရိက ဈေးကွက်ထဲ ခြေလှမ်း ခပ်ကျဲကျဲ လှမ်းလိုက်တာက တော့ ပြည်တွင်းမှာ ရောင်းအားတွေ ပိုကောင်းလာစေဖို့ ဖြစ်ပြီး ဒီဒေသမှာ ရောင်းနေတဲ့ Toyota ကားတွေ ရဲ့ ၇၆% လောက်ကလည်း မြောက်အမေရိက စက်ရုံတွေကပဲ ထုတ်လုပ်နေတာကြောင့် ဖြစ်ပါတယ်။အခု လို ရင်းနှီး မြုပ်နှံ တာကတော့ အမေရိကမှာ လျှပ်စစ် စွမ်းအင်သုံး အနာဂါတ် အတွက် ဒေါ်လာ ၁.၅ ဘီလီယံ အထိ မြုပ်နှံ သွားမယ်ဆိုတဲ့ လမ်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ ဖြစ်ပါတယ်။

Ref: carbuzz.com