တူရကီရဲ့ လျှပ်စစ် ကားကုမ္ပဏီသစ် TOGG ကတော့ ကားထုတ်လုပ်ရေးစက်ရုံကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲကိုတော့ တူရကီသမ္မတ အာဒိုဂန် ကိုယ်တိုင် တက်ရောက်ခဲ့တာဖြစ်ပြီး ကုမ္ပဏီက ပထမဆုံးထုတ်လုပ် တဲ့ C-Segment SUV လျှပ်စစ် ကားကိုပါ ကြည့်ရှုလေ့လာ ခဲ့တာပါ။ ကားသစ်ရဲ့ နာမည်ကို TOGG ကုမ္ပဏီက ဖွင့်ပွဲမှာ မကြေညာ ထားခဲ့ပေမယ့်လည်း သဲလွန်စ‌တစ်ချို့တော့ ပေးထားခဲ့ပါသေးတယ်။ အဆိုပါ လျှပ်စစ် ကားသစ်မှာတော့ လျှပ်စစ် မော်တာ တစ်လုံး ၊ ဒါမှမဟုတ် ၂ လုံး အမျိုးအစားနဲ့ဖြစ်ပြီး ဘက်ထရီကိုလည်း ၂ မျိုး ရွေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါ အားသွင်းထားရင် ၁၈၆ မိုင် နဲ့ ၃၁၁ မိုင် ပမာဏတွေအဖြစ် အသီးသီး စွမ်းဆောင်နိုင်တဲ့ အထိ ရှိလာနိုင်မှာပါ။

Photo Credit: motor 1.com

ကားသစ်ရဲ့ ရောင်းဈေးကိုလည်း လျှို့ဝှက်ထားဆဲ ဖြစ်ပေမယ့် TOGG Model ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၀၂၃ မှာ စတင် ပွဲထုတ်လာမယ်လို့ သိရပါတယ်။ မတ်လ အရောက်မှာတော့ အရောင်း ဈေးကွက်တွေထဲ အထိ ပို့ဆောင်ရောင်းချတော့မှာဖြစ်ပြီး ပထမဆုံးနှစ်မှာတင်ပဲ အစီးရေ ၁၇,၀၀၀ ကနေ ၁၈,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ စက်ရုံကနေ တူရကီထုတ် ကားသစ်ပေါင်း အစီးရေ ၁ သန်း ကျော်လောက် အထိကို လာမယ့် ၂၀၃၀ အရောက်မှာ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖွင့်ပွဲအခမ်းအနား မှာတော့ TOGG ကနေ သူတို့ရဲ့ ကားရောင်းချတဲ့စနစ်ဟာ အရောင်းကိုယ်စားလှယ် တွေနဲ့ မဟုတ်ပဲ TOGG Care ဆိုတဲ့ မိုဘိုင်း App ကနေတစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

Brand ရဲ့ ပထမဆုံးသော ကားမော်ဒယ်ကတော့ C-SUV ဖြစ်ပြီး လာမယ့် မတ်လ ၂၀၂၃ အရောက်မှာ စတင် ရောင်းချမှာ ဖြစ်ကာ CES 2022 ပွဲမှာအာရုံစိုက်ခံခဲ့ရတဲ့ C-Sedan ကားကိုတော့ ၂၀၂၅ လောက်အထိ စောင့်ဆိုင်းရဖို့ ရှိပါတယ်။ C-Hatch Version ကားနေရာမှာ အစားထိုးထားတဲ့ C-X Coupe ကားကိုလည်း လာမယ့် ၂၀၂၆ အရောက် မှာမြင်ရနိုင်ပြီး ပိုပြီးဈေးသက်သာနိုင်တဲ့ B-SUV ကားကိုကတော့ ၂၀၂၇ လောက် အထိကို စောင့်ဆိုင်းရနိုင်ပါတယ်။

Ref: motor 1.com