လက်ရှိမှာတော့ Tesla ဘက်က ကြေညာထားပြီးသားဖြစ်ပေမယ့် လက်တွေ့ မမြင်ရသေးတဲ့ Tesla Roadster ကားကိုမစောင့် နိုင်တော့တဲ့ ဒီဇိုင်နာတစ်ချို့ကတော့ Roadster ထက် ပိုလန်းတဲ့ ကားတစ်မျိုးကို ဖန်တီးလာ ကြပါတယ်။ ဒီ ကားမှာတော့ Roadster အတွက် ဖန်တီးဖို့ စီစဉ်ထားတဲ့ ဖော်မြူလာတွေထက်ကို ပိုကောင်းအောင် လုပ်ထားခဲ့ပြီး အထူးသဖြင့် Rocket Booster ၂ ခု ပါထားတဲ့ အနေအထားက အဓိက ပါပဲ။ ဒါပေမယ့် အခုကား ဒီဇိုင်း Concept မှာ မြင်ရသလိုမျိုး ဒုံးပျံ ၂ စင်း ကို ကားရဲ့ အလယ် မှာ အဓိက ထားပြီး ဆွဲထားတဲ့ ပုံမျိုးတော့ ဘယ်ကားမှာမှ မမြင်ဖူး‌ထားသေးတာ သေချာပါတယ်။ အခုလို Tesla တံဆိပ် တရားဝင် မကပ်ထားတဲ့ ပရိသတ်တွေရဲ့ Tesla Fan Version ကို ဖန်တီးသူကတော့ လက်ရှိ ဂျပန်မှာ နေထိုင်နေတဲ့ လူငယ်ကားဒီဇိုင်နာ Max Schneider ဆိုသူပဲ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်ကားက Tesla နဲ့ လုံးဝကို မတူပါဘူးဆိုတဲ့ ဒီဇိုင်းမျိုး အဖြစ် မြင်ရနိုင်ပေမယ့် တကယ်တမ်း အသေးစိတ် ကြည့်မယ် ဆိုရင်တော့ အတော်လေးကို အရည်အသွေး မြင့်မားတဲ့ Tesla SpaceX Model R Hypercar တစ်စီးပဲ ဖြစ်ပါတယ်။

Photo Credit: InsideEvs

ကားရဲ့ အဆုံးသတ် ဒီဇိုင်းပိုင်းကို ကြည့်လိုက်တာနဲ့တင် လှပဆန်းသစ် နေရုံမကပဲ ကားကို မြန်ဆန်ဖို့ အဓိက ရည်မှန်းထားတဲ့ အတိုင်းလည်း အလုပ်ဖြစ်နိုင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် ကားကို မြေပြင်နဲ့ကပ်ပြီး ပိုအားယူနိုင်ဖို့ အတွက် Downward Facing Booster တွေတောင် ထည့်ပြီး ဒီဇိုင်းဆွဲထား ပါသေးတယ်။ အဆိုပါ အစိတ်အပိုင်းတွေက ကားရဲ့ ဘရိတ်အပိုင်း တွေမှာလည်း အထောက်အကူဖြစ်ဖို့ ကူညီပေးနိုင်ဦးမှာ ပါ။ ကားရဲ့ Concept Design ကို ပိုပြီးကြွတက် လှပနေစေမယ့်အပြင် တကယ့် ဒီဇိုင်း ပညာရှင်ကောင်း တစ်ယောက်ရဲ့ လက်ရာဆိုတာကို မြင်တာနဲ့တင်သိနိုင်ဖို့ အနုစိတ်အပြင်အဆင် အလန်းစားလေးတွေ ကိုလည်း ထပ်ထည့် ပေးထားသေးတာပါ။ ဒုံးပျံစွမ်းအင်သုံး ၊ လျှပ်စစ်မော်တာ တွေနဲ့ အဆိုပါ Hypercar ကြီးကတော့ တကယ်သာ ထုတ်လုပ်မယ်ဆိုရင် စွမ်းဆောင်ရည်က 2600 hp လောက်အထိ ရှိနိုင်ပြီး တစ်နာရီကို ၄၆၇ ကီလို လောက်အထိ အမြင့်ဆုံး မြန်နှုန်းနဲ့ မောင်းနှင်နိုင်လိမ့်မယ်လို့ Max က ခန့်မှန်း တွက်ချက် ပြထား ပါတယ်။ ကားရဲ့ အလေးချိန်ကတော့ ၂.၂ တန် လောက်အထိ ရှိနိုင်ပြီး ကားရဲ့ လေးလံတဲ့ အနေအထား တစ်ရပ် ကြောင့် ဟိုက်ဒရိုဂျင်အရည်ကို ဒုံးပျံတွေရဲ့ စွမ်းအင်အတွက် အသုံးပြုရနိုင်ပါတယ်။

လျှပ်စစ် စွမ်းအင်နဲ့ မောင်းဖို့ အတွက်ကတော့ 115 kWh ရှိတဲ့ ဘက်ထရီနဲ့ အဆင်ပြေစေမှာဖြစ်ပြီး တစ်ကြိမ်အားသွင်းထားတာ နဲ့ ၃၁၇ မိုင် လောက်အထိ မောင်းနိုင်မှာပါ။ ဒါပေမယ့် ဒုံးပျံ Booster Mode နဲ့ မမောင်း မှသာ အဲ့လောက် ပမာဏအတိုင်း ခံမှာ လည်း ဖြစ်ပါတယ်။ ကားရဲ့ အရှိန်ကြီးနဲ့ အကွေ့တွေ့မှာလည်း ပိုကောင်းဖို့ လိုတာကြောင့် ဒီဇိုင်းထဲမှာဆိုရင် ကားရဲ့ ထောင့် လေးထောင့်မှာ Boosters တွေ သီးသန့်တပ်ဆင် ပေးထားသေးတာပဲ ဖြစ်ပါတယ်။

Ref: InsideEvs