Tesla ရဲ့ Semi-Trailer Truck ကားတစ်စီး ဖြစ်တဲ့ Semi ကိုတော့ ပြီးခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့ကပဲ မှာယူထားသူတွေထံ ပထမဆုံး ပို့ဆောင်မှု စတင်ပြုလုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒီကားကို ပထမဆုံး စတင် ဝယ်ယူထား သူကတော့ စတင်မိတ်ဆက်တဲ့ ၂၀၁၇ ကတည်းက အစီးရေ ၁၀၀ ကို မှာယူထားတဲ့ Pepsi ကုမ္ပဏီပါပဲ။ အခု ကားကို ထပ်မံမှာယူထားတဲ့ သူတွေကတော့ နာမည်ကျော် Budweiser နဲ့ Walmart ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ကုန်တင်ကား တစ်စီးဖြစ်ပေမယ့်လည်း McLaren F1 Supercar လိုမျိုး ကားရဲ့ အလယ်တည့်တည့်မှာ တစ်ယောက်တည်း ထိုင်မောင်းရတဲ့ ထူးထူးခြားခြားကားကို အခုလို မှာယူထားသူတွေထံ စတင်ပို့ဆောင် နိုင်ခဲ့တာ ကိုတော့ အမေရိကန် နိုင်ငံ ၊ နီဗားဒါး ပြည်နယ် ၊ Reno က Tesla ရဲ့ စက်ရုံကနေ အခမ်းအနားနဲ့ ကျင်းပ ပေးခဲ့တာဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၈၁,၀၀၀ အထိကိုရှိတဲ့ အဆိုပါ Semi ကားကတော့ တစ်ကြိမ် အားသွင်းထားရင် မိုင် ၅၀၀ အထိကို မောင်းနှင်နိုင်မှာပါ။ အခု ပထမဆုံး မြင်ရမယ့် ကားကတော့ လျှပ်စစ် မော်တာ ၃ လုံး တပ်ထားတာဖြစ်ပြီး အနောက်ဘက် ဝင်ရိုးက တစ်လုံးကတော့ ကုန်အနည်းတင် ထားတဲ့ အပိုင်းအတွက် ဖြစ်ကာ ဒုတိယ ဝင်ရိုးက မော်တာ ၂ လုံးကတော့ အရှိန်တင်နိုင်ဖို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီရဲ့ အဆိုအရတော့ Tesla Semi ကားရဲ့ စွမ်းဆောင်ရည်ဟာ သာမန် Truck တွေထက် ၃ ဆလောက်ကို ပိုကောင်းတယ်လို့ သိရပါတယ်။ ကုန်တင်ထားမယ်ဆိုရင်တော့ ကားက တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်ဖို့ အတွက် စက္ကန့် ၂၀ ပဲ အချိန်ယူရမှာဖြစ်ပြီး ကုန်သာမပါဘူး ဆိုရင်တော့ ၈၂,၀၀၀ လောက် လေးတဲ့ကားက ၅ စက္ကန့် အတွင်း တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန်တင်မောင်းနှင် နိုင်ပါလိမ့်မယ်။

Photo Credit: MotorAuthority

ကားရဲ့ စွမ်းအင်သုံးတဲ့ အပိုင်းမှာလည်း လျှပ်စစ်စွမ်းအား 2 kWh ပမာဏ လောက်ကို တစ်မိုင်စာမောင်းဖို့လောက် အထိ သုံးနိုင်ပြပါတယ်။ အခုလို ကားအတွက် ဘက်ထရီ ပမာဏ ဘယ်လောက်အထိ သုံးထားလဲ ဆိုတာကို မဖော်ပြထား ပေမယ့်လည်း မိနစ် ၃၀ အတွင်း ၇၀% ပမာဏ ကို အားသွင်းပေးနိုင်မှာ ဖြစ်ကာ 1,000 kW Charger ကြီးကိုလည်း ကားအတွက် သီးသန့် ဖန်တီးပေးထားပါသေးတယ်။ Elon Musk က တော့ အခုလို Megawatt Charger ကြီးတွေကို လာမယ့် Tesla Cybertruck Pickup ကားသစ်အတွက်လည်း အသုံးပြုလိမ့်မယ်လို့ ဆိုထားပြီး လာမယ့် နှစ်တွေမှာလည်း Tesla ကား အားသွင်းရုံတွေမှာ အခုလို ကားတွေအတွက် Megawatt Chargers ကြီးတွေ ကို တပ်ဆင်ပေးသွားတော့မှာပါ။ အခု Semi ကားသစ် ထုတ်လုပ်တာတွေကိုတော့ တက္ကဆက် ပြည်နယ်ရဲ့ အော်စတင် မှာပဲ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုကားထုတ်လုပ်ဖို့က လွန်ခဲ့တဲ့ ၂၀၁၉ ကတည်းက ဖြစ်ပေမယ့်လည်း အဆိုပါ စက်ရုံမှာပဲ ထုတ်လုပ်တဲ့ Model Y ကားတွေမှာ ဘက်ထရီ Cell တွေနဲ့ အခြားသော ကုန်ကြမ်း ပြတ်လပ်မှုတွေ ကြုံခဲ့ရတာကို အရင် ဆုံး ဖြေရှင်းနေရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကာလ အတွင်းမှာတင် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Daimler Truck နဲ့ Volvo Truck တို့က လျှပ်စစ်ကုန်တင်ကားကြီးကို အပြိုင်အဆိုင် မိတ်ဆက်လိုက်ကြ တာပါ။ အခု ကားကိုတော့ ပြီးခဲ့တဲ့ မေလ ကတည်းက စတင်မှာယူခွင့်ပြုပေးထား ပြီး ဩဂုတ်လ မှာ $ 20,000 နအထိစုစုပေါင်း စရံငွေ ပေးမှာယူမှုတွေ အထိကို ရရှိခဲ့ပြီဖြစ်တာကြောင့် အမှာစာတွေ ကို ခေတ္တ ဆိုင်းငံ့ထားလိုက်ပါတယ်။ ကားရဲ့ မူလ တန်ကြေးကတော့ မိုင် ၃၀၀ မောင်းကား အတွက် $ 150,000  နဲ့ မိုင် ၅၀၀ ကားအတွက် $ 180,000 အထိ ကျသင့်တာဖြစ်ပြီး အခုဆိုရင်တော့ ပိုလို့တောင် ဈေးတက်သွားနိုင် မယ်လို့ ခန့်မှန်းရပါတယ်။

Ref: MotorAuthority