Tesla CEO Elon Musk ကတော့ ကုမ္ပဏီရဲ့ Tesla Semi ကုန်တင်ကားကိုမှ Long Range Version အသစ်ကို အခုနှစ် အကုန် လောက်မှာတင် စတင်ရောင်းချလာ နိုင်တော့မှာ ဖြစ်တယ်လို့ အခုလ အစောပိုင်း တုန်းကပဲ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် ဒါက နဂိုပထမဆုံး Concept ပြသခဲ့စဉ်ကထက် ၅ နှစ်ကြာမှာ ဖြစ်လာခဲ့တာ ဖြစ်သလို နဂိုရောင်းချ နိုင်မယ်လို့ ကြေညာထားတဲ့ နှစ်ထက်လည်း ၃ နှစ် လောက် နောက်ကျ ခဲ့သေးတာပါ။ အခု ဆိုရင်တော့ Tesla အနေနဲ့ သူတို့ရဲ့ တရားဝင် Semi Car Page အသစ်မှာ ကားပုံတစ်ချို့ကို ချပြလာခဲ့ပြီ ဖြစ်တာကြောင့် မူလစီစဉ်ထားတဲ့အတိုင်း အခုနှစ်ကုန် တကယ် ရောင်းချနိုင်ဖို့ ဖြစ်လာတော့မယ်လို့ ယုံကြည်ရပါတယ်။

Photo Credit: InsideEvs

အခု မြင်ရတဲ့ ကား‌ပုံတွေကလည်း အပြီးသတ် အပြင်အဆင်တွေဖြစ်တယ်လို့ ခံစားရစေပြီး အထူးသဖြင့် သာမန် ဘက်မှန်တွေနဲ့ Rear-View Camera တွေ ပေါင်းစပ်လာတာတွေကို တွေ့လာရပါတယ်။ ဘယ်လိုပဲ လက်တွေ့ကျကျ ပြင်ဆင်ပေးလာလာ ယခင် Concept ထဲကအတိုင်း အတော်များများ တူအောင်တော့ ဖန်တီးထားနိုင်ဆဲ ဖြစ်ပါတယ်။ အခု အစပိုင်းအနေနဲ့ အဆိုပါ Long Range Semi ကားတွေကို အစီးရေ ၅၀၀ အထိပဲ ထုတ်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ အခု ကားက ကုန်တင်ကားကိုမှ လျှပ်စစ် စွမ်းအင်နဲ့ ဖြစ်လာပေမယ့်လည်း တစ်မိုင်ကို 2 kWh ပမာဏလောက်ပဲ စွမ်းအင် သုံးစွဲမှာ ဖြစ်တယ်လို့ Tesla က ဆိုထားသလို ကားရဲ့တင်ဆောင်နိုင်မယ့် ပမာဏကလည်း ၈၂,၀၀၀ ပေါင် အထိကို ရမှာပါ။ ဒါ့အပြင် ကားကြီးကို ရပ်ထားရာကနေ တစ်နာရီမိုင် ၆၀ အထိ အရှိန်တင်နိုင်ဖို့ ဆိုရင်လည်း စက္ကန့် ၂၀ တည်းနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ နောက်တစ်ချက် ကောင်းတာကတော့ ကားက သူ့ရဲ့ထိုက်သင့်တဲ့ အမြန်နှုန်းကို မြင့်မားတဲ့ လမ်းကြောင်းတွေ တက်နေရရင်တောင် မရုန်း ရအောင် ထိန်းပေးထားနိုင်မယ်ဆိုတဲ့ အချက်ပါပဲ။ အခု ကားကို အားသွင်းဖို့ အတွက်လည်း Tesla ရဲ့ ကိုယ်ပိုင် Megachargers တွေနဲ့ပဲ အလွယ်တကူ သွင်းယူနိုင်ပြီး မိနစ် ၃၀ အတွင်းကို ၇၀% အထိ အားပြန်ဖြည့် ပေးနိုင်ပါလိမ့်မယ်။

Photo Credit: InsideEvs

လက်ရှိမှာတော့ အဆိုပါ Megachargers တွေ တပ်ဆင်ထားနိုင်တဲ့ လျှပ်စစ်ကား အားသွင်းရုံတွေက အနည်းငယ်ပဲ ရှိပါသေးတယ်။ ကုမ္ပဏီ အခြေစိုက်ရာ အမေရိကမှာကိုပဲ Tesla ရဲ့ ဘက်ထရီနဲ့ လျှပ်စစ်ကား အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ Giga Nevada စက်ရုံကြီး ရှိရာ အရှေ့ဘက် Reno နေရာရယ် ကယ်လီဖိုးနီးယား၊ Modesto မှာရှိတဲ့ ပက်စ်စီ စက်ရုံရှိရာတွေက ထပ်မံ တည်ဆောက်သွားမယ့် နေရာတွေ ဆိုပြီးပဲ သိထား ရပါသေးတယ်။ ဒါပေမယ့် အဆိုပါ Charger နေရာ အသစ်ကလည်း မနှစ်ကတည်းက တည်ဆောက်မယ်လို့ သတင်းတွေ ထွက်ထားခဲ့ပေမယ့် ဆက်လက် လည်ပတ်ဖန်တီးနေပြီလား ဆိုတာ မသေချာသေး တာပဲ ဖြစ်လို့ ကားသစ်ထက် အားသွင်းဖို့ နေရာတွေကို ပိုမိုစောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs