Tesla CEO ဖြစ်သူ နာမည်ကျော် Elon Musk တစ်ယောက်ကတော့ Twitter ပေါ်ကနေပဲ သူ့ရဲ့ Tesla ကားပရိသတ် တွေအတွက် သတင်းကောင်းတစ်ရပ် ပြောကြား ပေးလိုက် ပါတယ်။ အဲ့ဒါကတော့ အခု အသစ်လာမယ့် Update မှာ Tesla ကားတွေရဲ့ အတွင်းခန်း အပူလွန်ကဲမှုကို အလိုအလျောက် ထိန်းချုပ်ပေး မယ့်စနစ် ထည့်သွင်းပေးထားမယ် ဆိုတာပါပဲ။ အဆိုပါ Automatic Cabin Overheat Protection ဆိုတဲ့ စနစ်ဆိုတာကတော့ ယာဉ်မောင်းကားနဲ့ ဝေးတဲ့ အခါမှာ ကားအတွင်းခန်းထဲ အပူတွေလွန်ကဲမလာအောင် အလိုအလျောက် ထိန်းပေးထားတဲ့ Tesla ရဲ့စနစ် ဖြစ်ပါတယ်။ ဒါကြောင့် နေပူတဲ့နေရာမှာ ကားကိုရပ် ထားပြီး ကားထဲပြန်ဝင်လိုက်ရင် လှောင်ပိတ်ပြီးပူသွားတဲ့ ခံစားချက်မျိုးကို Tesla ကား တွေမှာမဖြစ်နိုင်တော့ပါဘူး။

Photo Credit: MotorTrend

အခု စနစ်ကို ဖွင့်ထားလိုက်မယ် ဆိုပါက ကားရဲ့ အပူချိန် စနစ်ကို အလိုအလျောက် ညှိပေးထားတာဖြစ်ပြီး ကား အတွင်းခန်း က ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရောက်လာပြီ ဆိုရင် အလိုအလျောက် လျှော့ချပေးလိုက်မှာဖြစ်ကာ ၁၂ နာရီ ကြာအောင် အပူချိန်ကို ညှိပေးနေမှာပါ။ Tesla ရဲ့ အခုလုပ်ဆောင်ချက်က အတော် လေးကို ကောင်းမွန်ပြီး ၄၀ ဒီဂရီ ဆိုတာ အတော်ကိုများတဲ့ အပူချိန် ပမာဏမို့လို့ တစ်ချို့ဆိုရင် ဒီအပူချိန်မရောက်ခင်တောင် မခံနိုင်တဲ့ ကား ပိုင်ရှင်တွေ ရှိကြ ပါတယ်။ ဒါပေမယ့် အခုလို ဒီ အပူချိန်ကိုတောင် မခံနိုင်မယ့် ကားပိုင်ရှင်တွေ အတွက် OTA Software Update အသစ်မှာ စိတ်ကြိုက် အပူချိန်ကိုရွေးပြီး ကြိုတင်ချိန်ညှိ ထားလို့ရအောင်တောင် Elon Musk က ဖန်တီး ပေးထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Elon Musk က အခုကားရဲ့ Overheat Protection စနစ်ဟာ တကယ့် လက်တွေ့ရဲ့ အပူချိန်တွေနဲ့ ကိုက်ညီပြီး တကယ်ထိရောက်ဖို့ လိုတယ်လို့ ဆိုထားပါတယ်။

Photo Credit: MotorTrend

ဒါပေမယ့် အခု စနစ်ကိုတော့ ကားကိုရပ်ထားတဲ့အချိန် ကားထဲမှာ ကလေး ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန် လေးတွေ ရှိနေမယ် ဆိုရင်တော့ အသုံးမပြုသင့်ပဲ အဆို ပါ အခြေအနေတွေမှာ ဆိုရင်တော့ Dog Mode ဒါမှမဟုတ် Camp Mode ကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင်အသုံး ပြုသူတွေအနေနဲ့ တစ်ချက် သတိထားသင့် တာကတော့ အခုစနစ် ဟာယာဉ်ရဲ့ အဓိက ဘက်ထရီကနေ ရယူသုံးစွဲ ပေးနေတာဖြစ်လို့ ဘက်ထရီအား လျော့ပြီး ကားရဲ့ မောင်းနှင်နိုင်မယ့် Range ပမာဏကို လျော့ကျစေတယ် ဆိုတာပါပဲ။ တကယ်လို့ အခု စနစ်ကို ၁၂ နာရီ ကြာအောင်သာ ဖွင့်ထားမယ် ဆိုရင် ကားရဲ့ ဘက်ထရီကို ၂၀ % အထိ လျော့ကျသွားစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု Update အသစ် မှာတော့ အပူလွန်ကဲမှုကို အလိုအလျောက် ထိန်းပေးနိုင်မယ့် Software အသစ်ကို ထုတ်ပေးလာဖွယ် ရှိတယ်လို့ Elon Musk ကိုယ်တိုင်က အတည်ပြု ပေးထားတာပဲ ဖြစ်ပါတယ်။

Ref: MotorTrend