အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က Tesla စက်ရုံထံကနေ  Tesla Model Y အသစ်တွေ စတင်ထွက်ရှိလာနေခဲ့ပါပြီ။ ဒါပေမယ့် ဒီကားတွေမှာ ထူးခြားတာ ကတော့ ပိုမို မြန်ဆန်လာတဲ့ အားသွင်းနိုင်စွမ်းတွေ အကြောင်းဖြစ်ပြီး Tesla ရဲ့ လုံးဝ အသစ်စက်စက် 4680-Type Cylinderical Battery တွေကို တပ်ဆင် ပေးထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းပိုင်းကြောင့် အားသွင်းမှုအပိုင်းမှာ သိသိသာသာ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထား ခဲ့ကြပြီး တကယ် တမ်းမှာ လည်း အဆိုပါ ကားအသစ်တွေကို Tesla ရဲ့ Supercharger Station တွေမှာ စမ်းသပ်ကြည့်ရင်ကိုပဲ အတော် ကောင်းတဲ့ ရလဒ်တွေကို မြင်ခဲ့ရပါတယ်။

Photo Credit: InsideEvs

ကားကို အားသွင်းကြည့်ရာမှာတော့ ၀ % ကနေ ၈၀% အထိကို ၃၂ မိနစ်တည်းနဲ့ အားပြည့်နေခဲ့တာ ဖြစ်ပြီး အားသွင်းရုံ ကတော့ V 3 အဆင့် 250 kW အထိ ထွက်တဲ့ Supercharger မှာပဲဖြစ်ပါတယ်။ ကားရဲ့ စွမ်းဆောင်ရည် အရတော့ အခု လောက် အားပြည့်သွားရင် ကိုပဲ မိုင်ပေါင်း ၂၂၅ မိုင် အထိ မောင်းနှင်နိုင်ပါပြီ။ ဒါ့အပြင် ဒီအားသွင်းတဲ့ ပမာဏတွေကို သေချာ လေ့လာတွက်ချက်ထားတဲ့ အချက်အလက်တွေ အရလည်း ပထမ စစသွင်းနေတဲ့အချိန် အတော်လေးကို ပိုမြန် နေခဲ့ပြီးနောက်ပိုင်း ၁၀ မိနစ် ကျော်လောက် ရောက်လာမှသာ ဖြည်းဖြည်းချင်း ပုံမှန်နှုန်းလောက်ကျလာတာ ဖြစ်ပါတယ်။ နောက်ပိုင်း ၈၀% အထိ အားဖြည့်ပြီး တဲ့ အခါမှာတော့ အားသွင်းတဲ့နှုန်းက ဖြည်းဖြည်း ချင်းထပ်ကျပြီး ပုံမှန်နှုန်း 50 kW အထက်နဲ့ပဲ သွင်းပေးတော့တာပါ။ ဒါ့အပြင် သုည ကနေ ၉၇ % အထိကို ၅၂ မိနစ် အားသွင်း ပေးထားနိုင်ပြီး အားသွင်းတာရပ်လိုက်ပြီ ဆိုတာနဲ့ ကားထဲမှာ ၂၇၀ မိုင်စာ မောင်းနှင်ဖို့ စွမ်းအင်ရသွားမှာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

တကယ်တော့အခုလို ၈၀% အထိ ဘက်ထရီအားပြည့်ဖို့ ၃၂ မိနစ်ပဲ အချိန်ယူရတာ အတော်လေးကောင်းတယ် ဆိုပေမယ့်လည်း အမြင့်ဆုံး စွမ်းဆောင်ရည်တော့ မဟုတ်သေးပါဘူး။ Hyundai Motor Group ရဲ့ E-GMP Platform ဟာ ဆိုရင် ၁၀ % ကနေ ၈၀% အထိကို ၁၈ မိနစ် တည်းနဲ့ အားဖြည့်ပေးနိုင်ပြီး ၂၀% ကနေ ၈၀ % အထိကို ဆိုရင် တော့ ၁၅ မိနစ်တည်းပဲ ကြာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မေးစရာရှိတာ တစ်ခုကတော့ လက်ရှိ ဈေးကွက်ထဲက Tesla Model Y ကားတွေပါ အခုလို ဘက်ထရီ အသစ် ပမာဏကို သုံးခွင့် ရမှာလား ဆိုတာပါပဲ။ ကုမ္ပဏီ ကတော့ ရှိပြီးသား ကားတွေကိုတင် စွမ်းဆောင်ရည်မြှင့်ပေးနိုင်တဲ့ အပိုင်းတွေမှာ အတော်လေး နာမည်ရှိထားပြီး OTA Update တွေ ကနေကိုပဲ မြန်နှုန်း ပိုကောင်းလာ စေတာတွေနဲ့ လုပ်ဆောင်ချက် အသစ်တွေ မရရအောင် ထည့်ပေးနိုင်တာ မျိုးတွေ ရှိထားတာပါ။ ဒါပေမယ့်လည်း မျှော်လင့်စရာ အခြေအနေပဲ ရှိသေးတာကြောင့် ဘယ်လိုတွေ အဆင်ပြေအောင် လုပ်ပေးလာ နိုင်မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs