Tesla Model Y ကားကို စတင် မိတ်ဆက်ခဲ့စဉ် ကတည်းက Elon Musk ကိုယ်တိုင်ကနေ တစ်ချိန်မှာ ရောင်းအား အကောင်းဆုံး လျှပ်စစ် ကားတစ်စီး ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ ဖူးပါတယ်။ ဒါပေမယ့် အများစုက လည်း အတော်လေး ‌ဈေးကြီးပြီး လူပြောများတဲ့ နာမည်ကြီး ကားတစ်စီး အဆင့်လို့ပဲ သတ်မှတ် ထားကြပါတယ်။ တကယ်တမ်း ရောင်းအား တွေ ယှဉ်လိုက်ကြချိန် မှာတော့ Tesla Model Y က တစ်ခြားသော ပြိုင်ဘက်တွေထက် တဖြည်းဖြည်းချင်း သာလွန် လာခဲ့ပြီး အခုဆိုရင် ရောင်းအားအကောင်းဆုံး ထိပ်တန်း ကားတွေထဲက တစ်စီးဖြစ်လာခဲ့ပါပြီ။

Photo Credit: InsideEvs

Bloomberg New Energy Finance သတင်းရဲ့ နောက်ဆုံး အချက်အလက်တွေ အရတော့ ၂၀၂၂ ရဲ့ အခုချိန်အထိ Model Y ကားပေါင်း အစီးရေ ၅၀၀,၀၀၀ လောက် အထိကို ရှိထားပြီးပါပြီ။ ဒါပေမယ့် အခုလို သန်း တစ်ဝက် ရောင်းအား ပြည့်တာ မကြာသေးတဲ့ ကားတစ်စီးက ရောင်းအား အကောင်းဆုံး စာရင်းတွေထဲ ဘယ်လို ပါလာခဲ့လဲ ဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေပြန်ပါတယ်။ တကယ်တမ်းမှာတော့ Model Y ကား ဟာ ပြီးခဲ့တဲ့နှစ် ရောင်းအား တွေကတည်းက အခု ၂၀၂၂ အတွက် ထိပ်တန်း ၁၀ စီးထဲမှာ ပါဝင်လာခဲ့တာဖြစ်ပြီး မနှစ်ကဆိုရင် နံပါတ် ၉ နေရာမှာ ရှိခဲ့ပါတယ်။ မနှစ်က ရောင်းအားတွေအရ ဆိုရင်တော့ Toyota RAV4 နဲ့ Toyota Corolla တို့က အစီးရေ ၁.၁ သန်း ဝန်းကျင် လောက်နဲ့ ဗိုလ်ဆွဲခဲ့ပြီး Model Y ကတော့ Ford F-150 နဲ့ မလှမ်းမကမ်းလောက်မှာ ရှိခဲ့တာပါ။ သတင်း ရင်းမြစ်အရ ဆိုရင်တော့ Tesla Model Y တွေဟာ အခုနှစ်ကုန် လောက်မှာ အစီးရေ ၇၆၀,၀၀၀ လောက်အထိ ရောင်းချ လာနိုင်ပြီး တစ်ကမ္ဘာလုံးဈေးကွက် အတိုင်းအတာအရ ဆိုရင် Ford F-150 ကိုတောင် ကျော်တက်လာနိုင်မယ့် အလား အလာ ရှိနေပါတယ်။

Photo Credit: InsideEvs

တကယ်လို့ Tesla က ခန့်မှန်းထားတဲ့ အတိုင်း မရောင်းနိုင်ခဲ့ပဲ Ford F-150 က ထင်ထားတာထက် ပိုရောင်းလာနိုင်ခဲ့ မယ် ဆိုရင်တောင် ဒီ အနေအထားဟာ အမေရိက ဈေးကွက်လို ကားဈေးကွက်ကြီးရဲ့ သမိုင်းမှာ ရောင်းအား အကြိတ် အနယ်အရှိဆုံး ထိပ်တိုက်တွေ့မှု ဖြစ်လာနိုင်ပါတယ်။ အဓိက ကတော့ လျှပ်စစ်ကား တစ်မျိုးတည်းကိုပဲ အားစိုက် ခဲ့တာကြောင့် Tesla တို့ အခု လောက်အထိ ရောင်းအား ကောင်းလာနေခဲ့တာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ တစ်ခု ထူးခြားတာကတော့ ဒေဝါလီမခံဖူးတဲ့ အမေရိက ကားကုမ္ပဏီတွေ ဆိုလို့ Ford နဲ့ Tesla တို့သာ ရှိနေတာပါပဲ။ အခု ဆိုရင်လည်း Ford ကနေ F-150 Lightning ဆိုတဲ့ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကားကို ဖန်တီးနေပြီး Mustang ရဲ့ လျှပ်စစ်စွမ်းအင် သီးသန့်ကားကိုလည်း မကြာခင် မြင်ရနိုင်ဖို့ များနေပြန်ပါတယ်။ လက်ရှိမှာ Tesla Model Y နဲ့ ထိပ်တိုက် တွေ့နေတာကတော့ Ford Mustang Mach-E ကားတွေပါပဲ။ မကြာသေးမီကပဲ Ford CEO ကိုယ်တိုင်က ကားလောကထဲကို  Tesla ယူဆောင်လာခဲ့တဲ့ အောင်မြင်မှုတွေအကြောင်း ချီးကျူးခဲ့တာကြောင့် ကုမ္ပဏီ ၂ ခု အကြားက ပြိုင်ဆိုင်မှု တွေဟာ အနာဂတ်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။

Ref: InsideEvs