Tesla ကတော့ သူတို့ရဲ့ Model S နဲ့ Model X ကားသစ်တွေမှာ ရရှိနိုင်ဖို့အတွက် Ultra Red ဆိုတဲ့ အနီရင့်ရောင် အရောင်သစ် တစ်မျိုးကို မိတ်ဆက်လိုက် ပါတယ်။ အဆိုပါ အရောင်နဲ့ကားတွေကိုတော့ Fremont စက်ရုံမှာပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး နှစ်အတော်ကြာကြာအတွင်း Flagship ကားတွေအတွက် ပထမဆုံး မြင်ရမယ့် အရောင်သစ် လည်း ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ အရောင်က ယခင် Multi-Coat Red ဆိုတဲ့ အနီရောင်နေရာမှာ အစားထိုးဝင်ရောက်လာတာ ဖြစ်ပြီး အဆိုပါ အရောင်ကိုလည်း လက်ရှိ Model 3 နဲ့ Model Y ကားတွေမှာ ရရှိနေဆဲ ဖြစ်ပါတယ်။ အခု Ultra-Red အရောင်ကို ရွေးချယ်မယ် ဆိုရင်တော့ ဒေါ်လာ ၃,၀၀၀ လောက်အထိ ကိုကုန်ကျမှာ ဖြစ်ပြီး ယခင် အရောင်ထက် ဒေါ်လာ ၅၀၀ လောက်ကို ပိုများ လာမှာပါ။

Photo Credit: InsideEvs

 အခု အရောင်သစ် ကတော့ ယခင် Multi-Coat Red အနီရောင်နဲ့ယှဉ်ပြီး ပိုလည်း ရှုပ်တဲ့အမြင်မျိုး ပေးနိုင်သလို ပိုလည်းမှောင်တဲ့ ဘက်ကိုသွားပါတယ်။ Tesla အတွက်တော့ ကားသစ်တွေ တိုင်းမှာ ရိုးရှင်းလွန်းတဲ့ အရောင် တွေပဲ ရနေတာကြောင့် ဝေဖန်မှု တစ်ချို့လည်း ရှိထားခဲ့တာဖြစ်ပြီး အခုလိုဆန်းသစ်တဲ့ အရောင်တစ်ချို့ကို စမြင်လာရတာပါ။ ဥရောပမှာ ဆိုရင်လည်း Tesla Model Y ကားတွေ အတွက်ကို Midnight Cherry Red နဲ့ Quicksilver Premium အရောင်သစ်တွေ ဆိုပြီး မြင်လာခဲ့ရသေးတာ ဖြစ်ပါတယ်။ 

Photo Credit: InsideEvs

အခု အရောင်သစ် အတွက်ကိုလည်း ဝယ်ယူသူ‌တွေရဲ့ တုံ့ပြန်ပုံနဲ့ အရောင် ရရှိနိုင်မှုတွေပေါ် မူတည်ပြီး Model 3 နဲ့ Model Y ကားတွေမှာပါ ရရှိလာနိုင်ဖို့ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။ အခု ကုမ္ပဏီရဲ့ Website မှာ မြင်တွေ့ရတဲ့ အရောင်သစ်ကတော့ ကားသစ်မှာ အတော်လေး ကြည့်ကောင်းနေပြီး နောက်ထပ် အရောင် ခပ်ဆန်းဆန်း တွေ ရလာ ဖို့ကိုလည်း မျှော်လင့်ရပါသေးတယ်။ 

Ref: InsideEvs