Tesla ကားတွေကို ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေလုပ်ပေးတဲ့ Tuning Service တွေထဲမှာတော့ Warped Perception တို့က နာမည်ကြီးပါတယ်။ အခုဆိုရင်လည်း Tesla Model S ကားတစ်စီးကို ဂျက် အင်ဂျင်အသေးစား ၃ လုံး တပ်ဆင်ပေးလိုက်ပြန်ပြီး ကားရဲ့ မြန်နှုန်းကို သိသိသာသာ မြှင်တင်ပေးလိုက်ပါတယ်။ ဒါပေမယ့် ထူးခြားတာ ကတော့ ကားက နဂိုလျှပ်စစ် ကားဖြစ်တာကြောင့် သွားနေရင်းနဲ့တော့ အားသွင်းဖို့ ခဏရပ်ရဦးမှာပါပဲ။ ဒါကို အားမရ သေးတာကြောင့် ပြင်ဆင်မှုတစ်ချို့ ထပ်လုပ်ပေးခဲ့ပြီး ကားပေါ်မှာ အရံသင့် သုံးနိုင်မယ့် မီးစက်ပါတင်ကာ အားသွင်းနိုင်အောင် ဖန်တီးပေးလိုက် ပြန်ပြီ ဖြစ်ပါတယ်။ အဆိုပါကားပေါ်မှာ ထည့်ပေးလိုက်တဲ့ မီးစက်ကတော့ အကြီးကြီး မဟုတ်ပေမယ့် 13 hp ပမာဏလောက် အထိ စွမ်းဆောင်နိုင်တဲ့ ဆလင်ဒါ တစ်လုံးထိုး 400 cc နဲ့ မီးစက် ဖြစ်ပါတယ်။

အဆိုပါ မီးစက် တပ်ဆင်ပေးထားတဲ့ ကားနဲ့အတူ မိုင် ပေါင်း ၁,၆၀၀ အထိကို မရပ်မနား ခရီးနှင်ကာ စမ်းသပ်ဖို့ စီစဉ် လိုက်ပြီး တကယ်တမ်း လက်တွေ့မှာတော့ ခရီးစဉ်က မိုင် ၁,၈၀၀ အထိကို လုံးဝအားသွင်းစရာ မလိုပဲ မောင်းနှင်နိုင်ခဲ့ ပါတော့တယ်။ အင်ဂျင်ကို တစ်ပတ်လုံး အနားမပေးပဲနဲ့ မောင်းနိုင်ခဲ့တာဖြစ်ပြီး ပါလာတဲ့ မီးစက်ကြောင့်လည်း ကားကို လုံးဝ အားပြန်သွင်းစရာ မလိုပဲနဲ့ကို မောင်းနိုင်ခဲ့တာပါ။ ဒါပေမယ့် တစ်ခု ရှိတာကတော့ လက်တွေ့ မောင်းရာမှာ ဒီလို အင်ဂျင်မီးစက်ကြီးမျိုးနဲ့ အဆင်မပြေနိုင်တဲ့ ပြဿနာတွေ ကြုံခဲ့ရပါတယ်။ အဓိက ကတော့ညအိပ် ရပ်နားတဲ ဟိုတယ် ကားပါကင်လို နေရာမျိုးမှာတောင်မှ အသံဆူညံ လွန်းနေတာပါပဲ။ အခုလို အသံဆူညံနေတာ မျိုးနဲ့ ရေရှည်အဆင်မပြေနိုင်တာကြောင့် တကယ်သာ လျှပ်စစ်နဲ့ပဲ မောင်းမယ် ဆိုရင်တော့ မီးစက်အစား မီးအား ပြန်သွင်းဖို့ပဲ လိုမယ်ဆိုတာကိုတော့ တွေ့ရမှာပါ။

Photo Credit: InsideEvs

တကယ်ကတော့ မီးစက်က အသံကျယ် နေပေမယ့်လည်း သေးတာကြောင့် Tesla ကားအတွက် လိုအပ်မယ့် မီးအား ပမာဏ စွမ်းအင်ကို ကောင်းကောင်း မထောက်ပံ့ပေးနိုင်ပဲ ဖြစ်နေတာပါ။ ဒါကြောင့်လည်း Tesla က ကားတိုင်း အတွက် သတ်မှတ်ထားတဲ့ မီးအားသွင်းဖို့ ပမာဏကို ရောက်လာတိုင်းအားသွင်းဖို့တော့ သေချာပေါက်လိုအပ်မှာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အခုကားကို စမ်းသပ်ခဲ့တဲ့ လမ်းကြောင်း တစ်လျှောက်မှာ ကားဘက်ထရီ ၂ % ပဲ ကျန်တော့တိုင်း လမ်းဘေးမှာ ခဏရပ်ပြီး မီးစက်နဲ့ပဲဖြစ်ဖြစ် ရသလောက် အားသွင်းရတာပါပဲ။ တစ်နေရာ အရောက်မှာတော့ မီးအား အရမ်းနည်းနေလို့ အတော်လေးနှေးနှေးပဲ မောင်းခဲ့ရတာ ကြောင့် ရဲတွေရဲ့ စစ်ဆေး ခြင်းကိုတောင် ခံခဲ့ရပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိုး Tesla Model S ကို လုံးဝမတူတဲ့ အသွင်ပြောင်းပြီး စမ်းသပ်ခဲ့တာက စိတ်ဝင်စားဖို့ ကောင်းသလို ဒီကားကို အဓိကဖန်တီး ခဲ့တဲ့ Matt ကလည်း ကားမှာ တပ်ထားတဲ့ မီးစက်ရဲ့ စွမ်းဆောင်ရည်ကို အားမရသေးတဲ့အတွက် ဒီဇယ်အင်ဂျင်နဲ့တောင် အစားထိုး စမ်းသပ်ဖို့ ရှိနေသေးတာကြောင့် စောင့်ကြည့်ရတော့မှာပါ။

Ref: InsideEvs