လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ကြုံနေရတဲ့ ပြဿနာပေါင်းစုံကြောင့် ကားထုတ်လုပ်ရေးလုပ်ငန်းတွေရဲ့ ကုန်ကြမ်း ထောက်ပံ့မှု အခက်အခဲတွေကစလို့ ကားလောကထဲမှာ အခက်အခဲတွေများ နေရပါတယ်။ ဒါကြောင့်လည်း ကား ကုမ္ပဏီ အတော်များများရဲ့ ကားထုတ်လုပ်မှုတွေ နှေးကွေး‌လာနေခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ကားသစ် မှာယူထားသူတွေ အတွက်လည်း လိုတာထက်ပိုပြီး အချိန်ကြာကြာ စောင့်ဆိုင်းနေရတာ ဖြစ်ပါ တယ်။ အခု ဆိုရင်လည်း ပြီးခဲ့တဲ့ တစ်ပတ်ကပဲ နာမည်ကျော် Tesla တို့ရဲ့ ကြေညာချက်တစ်ခုထဲမှာ သူတို့ အနေနဲ့ ထုတ်လုပ်မှု နှောင့်နှေးမှုတွေ ကြုံတွေ့နေရပြန်ပြီလို့ သိရပြီး အထူးသဖြင့် ကုန်ကြမ်းပစ္စည်းတွေ ပြတ်လပ်လာတဲ့ အခြေအနေ ကနေ စတင် ဖြစ်လာရတာပါ။ ဒါပေမယ့် အရမ်းတော့ အခြေအနေ မဆိုးရွား သွားနိုင်သေးပဲ Tesla ရဲ့ ရောင်းအား တွေကတော့ ဈေးကွက် မှာ ပန်းပန် နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်း တဲ့ တစ်ချက် ကတော့ Model Y နဲ့ Model 3 ကားတွေရဲ့ ဈေးကွက်ကို အခုအခြေအနေက ရိုက်ခတ်လာမှာ ဖြစ်ကာ အထူးသဖြင့် ဩစတြေးလျ ဈေးကွက် ထဲက Model 3 ကားမှာယူထား သူတွေအဖို့ ဆိုရင် ယခင်ကထက် ၁ နှစ် လောက်ကို ပိုစောင့်ဆိုင်း ရတော့မှာပါ။

Photo Credit: CARBUZZ

အခုလိုမျိုး Tesla ရဲ့ ကားတွေ ပြတ်လပ်လာရတဲ့ နောက်ဆုံးသော အဓိက အကြောင်းအရင်းက တရုတ်နိုင်ငံ မှာ ရှိတဲ့ Tesla Gigafactory ကြီးကို ပိတ်ထားလိုက်ရခြင်းပါပဲ။ မကြာသေးမီကမှ အသစ်ဖွင့်လှစ်ထားခဲ့တဲ့ စက်ရုံသစ်ကြီး ကလည်း ထုတ်ကုန် စုစုပေါင်းရဲ့ ၃၅% ကိုသာ ပြည့်မှီအောင် ဖြည့်ဆည်း ပေးထားနိုင်တာပါ။ လောလောဆယ် ပိတ်ထားရတဲ့ မူလ ရှန်ဟိုင်းကား စက်ရုံကြီးကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လပိုင်းတုန်းက ဆိုရင် တစ်ရက်ကို ကား အစီးရေ ၂,၃၀၀ အထိ ထုတ်လုပ်ပေးထားနိုင် ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခရီးသည်တင် ကားအဖွဲ့အစည်းက ပြုစုထားတဲ့ အချက်အလက်တွေ အရတော့ Tesla အနေနဲ့ ပထမလေး လပတ် ကာလထဲမှာ ကားအစီးရေ ၁၈၁,၅၄၄ စီးကို ထုတ်လုပ် ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု ဧပြီလ ၁၉ ရက်နေ့မှာ အလုပ်သမား အင်အား အကန့်အသတ်နဲ့ ပြန်လည်လုပ်ငန်း စတင်ရာမှာတော့ ထုတ်လုပ်နိုင်တဲ့ ပမာဏက နိုင်ငံခြား ဈေးကွက်ကို တင်ပို့မယ့် Model 3 ၊ Model Y တို့အပေါ် ကား အစီး ရေ ၅၀,၀၀၀ လောက်အထိ လျော့နည်းသွားစေတော့မှာ ဖြစ်ပါတယ်။ Tesla CFO Zach Kirkhorn က လည်း တရုတ်နိုင်ငံ အတွင်း ကိုဗစ်ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ lockdown ချမှတ်ထားမှု‌တွေ ကြောင့် ရှန်ဟိုင်း စက်ရုံကြီးကနေ တစ်လ‌စာလောက် ထုတ်လုပ်မှုတွေ လျော့နည်းသွားရပြီ ဖြစ်တယ်လို့ ဆိုထား ပါတယ်။

Photo Credit: CARBUZZ

အခုလို ထုတ်လုပ်မှု လျော့နည်းသွားတဲ့ အကျိုးဆက်ကိုတော့ ဩစတြေးလျနဲ့ နယူးဇီလန် ဈေးကွက်တွေမှာ စတင် ခံစားရတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ဈေးကွက် တွေထဲကနေ ၂၀၂၂ အစောပိုင်းလောက်မှာ ကားမှာ ယူထား သူတွေ ကတော့ နောက်ထပ် ၇ လ လောက် ထပ်မံစောင့်ဆိုင်းရတော့မှာ ဖြစ်ပြီး အခု ဧပြီလမှ မှာယူမယ် ဆိုရင်တော့ နောက်တစ်နှစ် လောက်အထိကို ကားသစ်ရလာဖို့ စောင့်ရတော့မှာပါ။ အခုလိုမျိုး ကားသစ်ရဖို့ စောင့်ဆိုင်းရမယ့် အခြေအနေက ပိုဆိုးလာခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ လ ကတည်း က ကားမှာယူထား ခဲ့တဲ့သူတွေတောင်မှ သူတို့ရဲ့ကား VIN နံပါတ်ကို ရယူဖို့စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ အခုလို အချိန်အကြာကြီး စောင့်နေခဲ့ရတဲ့အပြင် ကား ဈေးနှုန်းတွေကလည်း $ 30,000 လောက် နီးပါးအထိ ကို ဈေးတက်သွားခဲ့ ပြန်ပါတယ်။ ဒါပေမယ့်လည်း ဩ‌စတြေးလျ ဈေးကွက်ထဲမှာတော့ ဝယ်လိုအားက ရောင်းလိုအားထက် ပိုမြင့်မားနေဆဲပါ။ အခုလိုမျိုး ထုတ်လုပ်မှုတွေ ကျဆင်းလာတဲ့ အပြင် အခြား‌သော အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရတာကြောင့် တရုတ်နိုင်ငံရှန်ဟိုင်းကစက်ရုံကြီးကိုလည်းမကြာခင် အင် ပြည့်အားပြည့် ပြန်လည်ပတ် နိုင်ပါ့မလား ဆိုတာကတော့ သံသယ ဝင်စရာ ဖြစ်နေပါသေးတယ်။ ဒါ့အပြင် Tesla ဘက်ကလည်း သူတို့ရဲ့ Model Y ကားတွေနဲ့ Model 3 ကားတွေကို ဒီထက် ပိုပြီး ဈေးတက်ဖို့ စီစဉ် နေပြန်ပါတယ်။ အခုလိုမျိုး အခက်အခဲတွေနဲ့ ဈေးများလာတဲ့ အားနည်းချက်တွေ ရှိနေသေး ပေမယ့်လည်း ဩစတြေးလျ ကားဈေးကွက်မှာတော့ Tesla Model Y က ရောင်းအားအကောင်းဆုံး လျှပ်စစ်ကား ဖြစ်နေ ပါသေးတယ်။

Ref: carbuzz.com